စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှုရှိ/မရှိတို့၏ အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၄) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် သာကေတမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့လည်းကောင်း၊ (၂၉-၁-၂၀၂၄) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် အရှေ့ဒဂုံမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့လည်းကောင်း သွားရောက်ကာ ဆိုင်တာဝန်ခံများနှင့်တွေဆုံ၍ PPRD မှထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ ဆီကန်ဝင်ဆံ့နိုင်မှုပမာဏ၊ ဆီပြတ်လပ်ခြင်းရှိ/မရှိ၊ Terminal များမှ ဆီထုတ်ယူမှုအခြေအနေ၊ ဆီဘောက်ဆာကားများပုံမှန်ဝင်ရောက်နိုင်ခြင်းရှိ/မရှိ တို့ကိုမေးမြန်းခဲ့ရာ ဆိုင်တာဝန်ခံများက ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း၊ ဆီဘောက်ဆာကားများမှာ ပုံမှန်ဝင်ရောက်လျက်ရှိကြောင်းတွေ့ရှိခဲ့ရပါသည်။ စက်သုံးဆီဆိုင်များ၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။
DOCA(ရန်ကုန်)