ထိုင်းနှင့်သီရိလင်္ကာ နှစ်နိုင်ငံကြား လွတ်လပ်စွာကုန်သွယ်မှုသဘောတူစာချုပ်ကို ၃-၂-၂၀၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ရာ သီရိလင်္ကာနိုင်ငံအတွက် ဆယ်စုနှစ်များစွာအတွင်း တွေ့ကြုံနေရသည့် အဆိုးရွားဆုံးဘဏ္ဍာရေးအကျပ်အတည်းမှ ရုန်းထွက်နိုင်ရေး အထောက်အကူ ပြုနိုင်မည်ဟု မျှော်လင့်ရကြောင်း Bangkok Post သတင်းဌာနက ဖော်ပြပါသည်။
ယခင်နှစ်တွင် ကမ္ဘာ့ဘဏ်က သီရိလင်္ကာ၏ စီးပွားရေးအခြေအနေသည် ၃.၈% လျော့နည်း ကျဆင်းနိုင်မည်ဟု ခန့်မှန်းတွက်ချက်ထားသည်။ ယင်းအခြေအနေ၌ ကျွန်းနိုင်ငံဖြစ်သည့် သီရိလင်္ကာသည် စီးပွားရေးတိုးတက်မှုကိုမြှင့်တင်ရန်နှင့် ဆိုးရွားသော စီးပွားရေးအခြေအနေကို အထောက်အကူပြုစေရန်တို့အတွက် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူစာချုပ်ကို သက်တမ်းတိုး နိုင်ရေး အလေးထားဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
လွတ်လပ်စွာကုန်သွယ်မှုသဘောတူစာချုပ် (FTA) လက်မှတ်ရေးထိုးရခြင်းမှာ ဈေးကွက် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်နှင့် စျေးကွက်အခွင့်အလမ်းများကို မြှင့်တင်ရန် ရည်ရွယ်ထားပြီး နှစ်နိုင်ငံကုန်ပစ္စည်းကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်အားလုံးအတွက် နှစ်နိုင်ငံစေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
နှစ်နိုင်ငံအတွက် ကြီးမားသည့်စီးပွားရေးအခွင့်အလမ်းများကို ရရှိစေသဖြင့် အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာကောင်းများကို စူးစမ်းရှာဖွေသွားရန် နှစ်နိုင်ငံ ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များအား တိုက်တွန်းထားကြောင်း လက်မှတ်ရေးထိုးပွဲအပြီး နှစ်နိုင်ငံ ပူးတွဲ သတင်းမီဒီယာရှင်းလင်းပွဲ၌ ထိုင်းဝန်ကြီးချုပ် Mr. Srettha Thavisin က ပြောကြားခဲ့ ပါသည်။
ထိုင်းဝန်ကြီးချုပ် Mr. Srettha Thavisin ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့သည် အခြားသဘောတူညီချက်များနှင့် နှစ်နိုင်ငံသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးနိုင်ရန် ၃-၂-၂၀၂၄ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ် Mr. Srettha သည် ၄-၂-၂၀၂၄ ရက် နေ့၌ ကျင်းပသည့် သီရိလင်္ကာနိုင်ငံ၏ ၇၆ နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုင်းနှင့်သီရိလင်္ကာအကြား လေကြောင်းဝန်ဆောင်မှုကဏ္ဍအတွက် ဖြေလျော့မှုများပေး နိုင်ရန် နှစ်နိုင်ငံလေကြောင်းဝန်ဆောင်မှုသဘောစာချုပ်အသစ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ယခုလက်မှတ်ရေးထိုးသည့် နှစ်နိုင်ငံလွတ်လပ်စွာသဘောတူစာချုပ် (FTA) သည် ၁၅ ခုမြောက် လက်မှတ်ရေးထိုးသည့် သဘောတူစာချုပ်ဖြစ်ပြီး ယခင်နှစ်မှစ၍ အစိုးရ တာဝန်ယူသော ဝန်ကြီးချုပ် Mr. Srettha လက်ထက် ပထမဆုံးလက်မှတ်ရေးထိုးသည့် သဘောတူ စာချုပ်ဖြစ်ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြပါသည်။
ထိုင်း ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရေးဦးစီးဌာန၏ အချက်အလက်များအရ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၂၀.၄ သန်းရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ အဓိကပို့ကုန်များ၌ ရော်ဘာထုတ်ကုန်များ၊ အထည်များ၊ ကျောက်မျက်ရတနာများ၊ စက်ယန္တရားများနှင့် ပလတ်စတစ် အမှုန့်များပါဝင်ပြီး သွင်းကုန်ပစ္စည်းများတွင် လက်ဝတ်ရတနာများ၊ လျှပ်စစ်ပစ္စည်းများ၊ အဝတ်အထည်များ၊ အပင် ထွက်ကုန်များနှင့် ဓာတုပစ္စည်းများပါဝင်ကြောင်း၊ ယခုလက်မှတ်ရေးထိုးသည့် ထိုင်းနှင့်သီရိလင်္ကာ နှစ်နိုင်ငံကြား လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်အသစ်သည် ထိုင်းနိုင်ငံမှ မော်တော် ယာဥ်အစိတ်အပိုင်းများ၊ အထည်အလိပ်များ၊ လျှပ်စစ်ပစ္စည်းများ၊ စက်ယန္တရားများ၊ သံမဏိထုတ် ကုန်များ၊ စက္ကူ၊ ပြုပြင်ထားသောစားသောက်ကုန်နှင့် တိရစ္ဆာန်အစာများ တင်ပို့မှုတို့အတွက် အကျိုးရှိစေမည်ဟု မျှော်လင့်ထားကြောင်း သိရှိရပါသည်။
Source: Bangkok Post, 3 Feb 2024