
ယူဂန်ဒါ ကော်ဖီတင်ပို့သူများသည် မကြာသေးမီက ရှန်ဟိုင်း၌ ကျင်းပပြီးစီးခဲ့သော တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် အမေရိကန်ဒေါ်လာ ၃ သန်းတန်ဖိုးရှိ အရောင်းအဝယ် သဘောတူညီမှုများ ရရှိခဲ့ကြောင်း ယူဂန်ဒါ စိုက်ပျိုးရေး၊ တိရစ္ဆာန်လုပ်ငန်းနှင့် ငါးလုပ်ငန်းဝန်ကြီး ဌာနက ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့ပါသည်။
ယူဂန်ဒါ၏ ထိပ်တန်းကော်ဖီတင်ပို့သူများဖြစ်သော Meg Rai Coffee၊ Kwezi Coffee၊ Inspire Africa နှင့် Elgon Coffee တို့သည် ပြပွဲ၌ ၎င်းတို့၏ ထုတ်ကုန်များကို ပြသခဲ့ကြပြီး ယူဂန်ဒါ ကော်ဖီနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များကို ဝယ်ယူရန်စိတ်ဝင်စားသည့် တရုတ်ဝယ်လက်များ၊ ကုန်သည်များ၊ ကော်ဖီလှော်သူများ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများနှင့် တစ်ဦးချင်းတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့ ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ သိရပါသည်။
ပို့ကုန်လုပ်ငန်းရှင်များသည် ယူဂန်ဒါနိုင်ငံကိုယ်စားပြုအနေဖြင့် “ဒီဂျစ်တယ်စွမ်းအားမြှင့်တင်မှုအောက်ရှိ ကော်ဖီစက်မှုလုပ်ငန်းကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး ရှာဖွေလေ့လာခြင်း” ဖိုရမ်နှင့် “ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ စိုက်ပျိုးရေးနှင့် စားသောက်ကုန်များ တင်သွင်းမှုမူဝါဒများနှင့် ဖွံ့ဖြိုးတိုးတက်ရေး” ဆွေးနွေးပွဲများအပါအဝင် ပွဲများစွာတွင်လည်း ပါဝင်ခဲ့ကြပါသည်။
ဝန်ကြီးဌာန၏ ပြောကြားချက်အရ ယခုနှစ်တွင် ယူဂန်ဒါ၏ ကော်ဖီတင်ပို့မှုသည် တရုတ်နိုင်ငံသို့ ၁၉၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပါဖြစ်သည်။ ထုတ်ပြန်ချက်တွင် ယူဂန်ဒါသည် တရုတ်ပုဂ္ဂလိကကော်ဖီဆိုင်အမှတ်တံဆိပ်ဖြစ်သော Cotti Coffee နှင့် တရုတ်နိုင်ငံတစ်ဝန်း ယူဂန်ဒါကော်ဖီကို မြှင့်တင်ရန် နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း ထပ်လောင်းဖော်ပြထားပါသည်။
“Cotti Coffee ၏ ကြီးမားသော လက်လီရောင်းချမှု အတိုင်းအတာနှင့် ယူဂန်ဒါ၏ ပြိုင်ဘက်ကင်းသော ကော်ဖီမျိုးစုံကြောင့် ဤပူးပေါင်းဆောင်ရွက်မှုသည် ယူဂန်ဒါကို အာရှရှိ အာဖရိက ကော်ဖီအမှတ်တံဆိပ်အဖြစ် သတ်မှတ်ပေးမည်ဖြစ်ပြီး တရုတ်စားသုံးသူများအား လတ်ဆတ်သော၊ ယူဂန်ဒါကော်ဖီ အတွေ့အကြုံသစ်ကို ပေးစွမ်းမည်ဖြစ်သည်” ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ပူးပေါင်းဆောင်ရွက်မှုအရ နှစ်ဖက်စလုံးသည် ကမ္ဘာ့နိုင်ငံ ၂၈ နိုင်ငံတွင် ကော်ဖီဆိုင် ၇,၅၀၀ ကျော် ဖွင့်လှစ်ထားသော Cotti Coffee နှင့် ယူဂန်ဒါ တောင်သူလယ်သမားများနှင့် ပြုပြင်ထုတ်လုပ်သူများကို တိုက်ရိုက်ချိတ်ဆက်ပေးကာ ကော်ဖီတန်ဖိုးကွင်းဆက်တစ်ခုလုံးတွင် ပူးပေါင်းဆောင်ရွက်သွားမည်ပါဖြစ်သည်။
ယူဂန်ဒါအစိုးရအရာရှိများနှင့် ပို့ကုန်လုပ်ငန်းရှင် ၂၈ ဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် စိုက်ပျိုးရေးဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေးနှင့် ရေရှည်တည်တံ့သော ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲများတွင်လည်း ပါဝင်ခဲ့ကြပြီး ယူဂန်ဒါကော်ဖီကို တရုတ်နိုင်ငံ၏ စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ်ကူးသန်းရောင်းဝယ်ရေးအပေါ် ကိုက်ညီသော ထုတ်ကုန်အဖြစ်ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
