စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၅-၂-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အမှတ်(၁၉၀)၊ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၈၅)ဦး၊ ဆရာ/ ဆရာမ (၃) ဦးနှင့် မိဘပြည်သူ (၂၉)ဦး၊ စုစုပေါင်း (၁၁၇) ဦးတက်ရောက်ခဲ့ကြပါသည်။
ဟောပြောပွဲတွင် အမှတ်(၁၉၀)၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ယခုဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ပထမဆုံးရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်၊ စားသုံးသူ၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပါယ်၊ ကုန်စည်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ်များကိုလည်းရှင်းလင်းခဲ့ပါသည်။
၎င်းနောက် ဒုတိယဦးစီးမှူး ဒေါ်ဝါဝါကြည်က စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၉)ပါ စားသုံးသူများရရှိသည့် အခွင့်အရေး (၈)ချက်နှင့် စားသုံးသူများလိုက်နာရမည့်တာဝန် (၄) ချက်ကိုလည်း ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများနှင့် မိဘပြည်သူများသိရှိနားလည်စေရန် ဥပမာများဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး တိတိကျကျလိုက်နာရန် လိုအပ်ကြောင်းများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ပပရွှေက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက် (၈)ချက်ကိုတက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများနှင့် မိဘပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူစားသောက်ခြင်းမပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှသာလျှင် ဝယ်ယူသုံးစွဲစေချင်ကြောင်း၊ စားသုံးသူမိဘပြည်သူများက တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့ပြင် ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးကလည်း မိဘပြည်သူများအနေဖြင့် စားသုံးသူအခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန်အတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ Facebook စာမျက်နှာ၏ စားသုံးသူရေးရာဦးစီးဌာနတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းများ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများနှင့် မိဘပြည်သူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)