ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် (၇-၂-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူပူးပေါင်း၍ ကျောက်ဆည်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းလက်လီလက်ကားအရောင်းဆိုင်များသို့သွားရောက်၍ စောင့်ကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ထို့သို့စစ်ဆေးရာတွင် ဆေးပစ္စည်းအရောင်းဆိုင်များ၌ လုပ်ငန်းလိုင်စင်ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော သုံးစွဲရန်မသင့်ဆေးဝါးနှင့် အလှကုန်များရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးစိုးမင်းထွန်းက ဆေးဝါးနှင့်ဖြည့်စွက်စာများနှင့်ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားအမှတ် (၂/၂၀၂၁၉) ဖြင့်ထုတ်ပြန်ခဲ့ကြောင်း၊ ၄င်းညွှန်ကြားချက်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးနှင့်သောက်ဆေးအမျိုးမျိုး၊ လိမ်းဆေးအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်ပစ္စည်း၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက် စသည့်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်အလက်များကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာ အချက်အလက်များပါဝင်မှုမရှိသော ကုန်စည်များရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများအား စျေးကွက်အတွင်း ဈေးနှုန်းမြှင်တင်ရောင်းချခြင်းနှင့် ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်၍ အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်မြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင် (၉)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)