“ ကော့မှူးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကလေးအာဟာရဖြည့်စွက်စာရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ်ဒေသခံပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများကိုဝယ်ယူစားသုံး ရာ၌ အစားအစာဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မစည်ပင်သာယာဈေးပြင်ပရှိ ဗိုလ်ချုပ်လမ်းမကြီး၊ မကျီကန်ရပ်ကွက်တွင်ရှိသော ဆေးဆိုင်များနှင့်စတိုးဆိုင်များသို့သွားရောက်ကာ ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံ၍ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးအသိပညာပေးခဲ့ကြောင်းသိရပါသည်။

     ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများပူးပေါင်း၍ ကော့မှူးမြို့နယ်၊ ဗိုလ်ချုပ်လမ်းမကြီးဘေးဝဲယာရှိ ဇာနည်ဆေးစတိုးနှင့် စန္ဒာစတိုးဆိုင်ကြီးများသို့သွားရောက်၍ လုပ်ငန်းရှင် ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖြင့်ထုတ်ပြန်ထားသော “ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်” တွင် အုပ်စု(က) အစားအသောက်အုပ်စုများအောက်ရှိ အမှတ်စဉ်(၁၆)တွင် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်ညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဖော်ပြချက်များအရ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်များကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော စားသောက်ကုန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံစွာမပါရှိ‌သော စားသောက်ကုန်များ၊ သက်တမ်းကုန်နေသော အစားအသောက်များကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ကြရန် စသည့် စားသုံးသူဆိုင်ရာသိကောင်းစရာများကို အကြံပြုဆွေးနွေးပြီး ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)