မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်ထူးနှင့်အဖွဲ့သည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ မြင်းခြံမြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းလက်လီ/လက်ကားအရောင်းဆိုင်များသို့သွားရောက်၍ ဆေးပစ္စည်း(၃၄)မျိုးအား ဈေးကွက်အတွင်း ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေး ပစ္စည်းအရောင်းဆိုင်များအားလုံးမှာ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဆေးဆိုင်အများစု၌ နှလုံးသွေးကြောရောဂါဆေးဝါးများ၊ ဆီးချိုသွေးတိုးကျဆေးများမှာ အများပြည်သူအနေဖြင့် အရေးပေါ်လိုအပ်ခြင်းမျိုးမဟုတ်ဘဲ တစ်လ၊ နှစ်လစာ အများအပြားကြိုတင်ဝယ်ယူထားရှိမှုများရှိနေပြီး စားသုံးသူပြည်သူများအနေဖြင့် မလိုအပ်ဘဲ ဝယ်ယူထားခြင်းမပြုကြလျှင်လည်း ဆေးဝါးများပြတ်လပ်မှုမဖြစ်နိုင်ကြောင်း၊ လိုသလောက်ကို အမြန်ဆုံးမှာယူရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ဆေးဆိုင်များမှ အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများကို ယခင်နှစ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်လာခဲ့ပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများတွင် အသုံးများသောအခြေခံဆေးဝါးများမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိသော်လည်း နှလုံးရောဂါဆေးများ၊ ဆီးချိုဆေးများကို စားသုံးသူပြည်သူများသည် စိုးရိမ်ကြောင့်ကြမှုများဖြင့် ဝယ်ယူမှုများပြားလာသဖြင့် ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ဆေးနှင့်ဆေးပစ္စည်းများအား ဝန်ကြီးဌာနက အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားပါသဖြင့် စားသုံးသူပြည်သူများအား ထိုက်သင့်သည့်ဈေးနှုန်းများဖြင့်သာရောင်းချရန်၊ ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ရန်နှင့် ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)