စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်က်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
ရွှေဘိုခရိုင်အနေဖြင့် (၂/၂၀၂၄)လအတွင်း ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့ဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မိတ်ဖက်ဌာနဖြစ်သည့် ရွှေဘိုမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးဆိုင် (၂)ဆိုင်အားလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးဆိုင်(၁)ဆိုင်နှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင် (၁)ဆိုင်အားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ပါအကြောင်းများကို အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)