ဆိပ်ဖြူကြက်သွန်နီ၏ မတ်လ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင်ကြက်သွန်နီဈေးကွက်သို့ မတ်လ (ဒုတိယပတ်) တွင် နွေကြက်သွန်နီ(ပင်စိုက်)အသစ်များ တစ်ရက်လျှင် ကုန်ချိန်(၁)သိန်းမှ (၂)သိန်းအထိ ဒေသတွင်း ကြက်သွန်နီအများဆုံးစိုက်ပျိုးသော ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက်၊ ကိုးတောင့်အုပ်နှင့် ကံတွင်း၊ ရေပုတ်ကျေးရွာများမှ အများဆုံးဝင်ရောက်မှုရှိပြီး တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၆)သိန်းခန့်ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။

      ကြက်သွန်နီဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နွေကြက်သွန်နီ(ပင်စိုက်)(ဂျွန်)တစ်ပိဿာလျှင် အမြင့်ဈေး (ထိပ်စရှယ်) ကျပ်(၂၂၅၀)၊ အလတ်စဈေး ကျပ်(၂၁၅၀)၊ အသေးစ ကျပ်(၁၆၅၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်မတ်လ(ပထမပတ်)တွင် ထိပ်စအမြင့်ဈေး ကျပ်(၂၅၇၅)၊ အလတ်စ ကျပ်(၂၃၇၅)၊ အသေးစ ကျပ်(၁၈၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

      ယခင်မတ်လ(ပထမပတ်)ဈေးနှုန်းများနှင့်နှိုင်းယှဉ်ရမည်ဆိုလျှင် ယခုမတ်လ(ဒုတိယပတ်)တွင် အမြင့်ဈေး(ထိပ်စ) ကျပ်(၃၂၅)၊ အလတ်စ ကျပ်(၂၂၅)၊ အသေးစ ကျပ်(၁၅၀) စသည်ဖြင့်ဈေးနှုန်းအသီးသီးကျဆင်းသွားကြောင်း၊ ဈေးအနည်းငယ်ကျဆင်းရခြင်းမှာ ကြက်သွန်နီဈေးကွက်သို့ ကုန်ချိန်ဝင်ရောက်မှုများခြင်းနှင့် ပြည်ပဝယ်လိုအားဈေးကွက်နည်းခြင်းကြောင့် ဈေးနှုန်းကျဆင်းသွားရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

        ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို မတ်လ(ဒုတိယပတ်)တွင် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ မော်တော်ယာဉ်(၂၆)စီး၊ မြဝတီမြို့သို့ တွဲကား(၂၁)စီး၊ ပြည်မြို့သို့ (၆)ဘီး (၅)စီး၊ ပုသိမ်မြို့သို့  (၆)ဘီး (၄)စီး၊ စုစုပေါင်းကုန်ချိန်ပိဿာ(၆)သိန်းခန့်၊ တန်ချိန်အားဖြင့် တန်(၉၈၀)ခန့် မော်တော်ယာဉ်များဖြင့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)