အထက်မင်းလှမြို့နယ်၌ ဆောင်းသီးနှံပဲကြီးစိုက်တောင်သူများ အဆင်ပြေလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ပတ်ဝန်းကျင်ရှိကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ မယ်ဇလီတော၊ ညောင်ပင်သာ စသည့်ကျေးရွာများသည် စိုက်ပျိုးရေး ကိုအဓိကထား လုပ်ကိုင်ကြပြီး ကုလားပဲ၊ မတ်ပဲ၊ ပဲကြီး၊ စားတော်ပဲ၊ နှမ်း၊ နေကြာ၊ ဝါ၊ မြေပဲ၊ ပဲစဉ်းငုံ၊ ကြက်သွန်နီ၊ ငရုတ်၊ ခရမ်းချဉ်သီးနှင့် မေမြို့ပန်းတို့ကို ရာသီအလိုက်စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

     အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၌ ပဲကြီးစိုက်တောင်သူ (၁၈)ဦးခန့်ရှိပြီး စိုက်ဧကမှာ(၃၀)ဧကနီးပါးရှိကြောင်း၊ မိမိအနေဖြင့် ဧက(၂)ဧကခန့်စိုက်ပျိုးထားကြောင်း၊ မျိုးကို ယခင်နှစ်က ပဲကြီးခင်းမှထွက်ရှိသည့် ပဲကြီးစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် ရွှေကျွန်းမျိုးကို အများဆုံးစိုက်ပျိုးကြပြီး မျိုးစေ့ကို ထွန်းတုံးဖြင့် ကြောင်းဆွဲ၍ ကြဲပက်စနစ်ဖြင့်စိုက်ပျိုးကြသလို (၆)လက်မစီခြား၍လည်း စိုက်ပျိုးကြကြောင်း၊ (၁) ဧကလျှင် မျိုး(၆)ပြည်ခန့်ကုန်ကျပါကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် စိုက်ပျိုးစရိတ်နှင့် ပဲကြီးပေါ်ချိန်တွင် ခူးဆွတ်ခ စသည်ဖြင့် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၀၀၀၀၀)ခန့်ကုန်ကျ ကြောင်း၊ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် စတင်စိုက်ပျိုးပြီး ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (တတိယပတ်)တွင် ခူးဆွတ်၍ ယခုမတ်လ(တတိယပတ်)တွင် အကုန်ရိတ်သိမ်းပြီးဖြစ်ပါကြောင်း၊  အထွက်နှုန်းအနေဖြင့် ယခင်နှစ်က(၁)ဧကလျှင် (၁၅)တင်းမှ(၂၆)တင်းထိထွက်ရှိပြီး ယခုနှစ်တွင် မြစ်ရေဝင်ရောက်သော ကိုင်းကွင်းများတွင်စိုက်ပျိုးသော ပဲကြီးစိုက်ခင်းများမှာ (၁)ဧကလျှင် (၁၅) တင်းမှ (၂၀)တင်းထိထွက်ရှိသော်လည်း မိမိစိုက်ခင်းမှာမူ (၁)ဧကလျှင် (၁၀)တင်းခန့်သာထွက်ရှိ ကြောင်း၊ ဈေးနှုန်းအနေဖြင့် စတင်ပေါ်စအချိန် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် (၁) တင်းလျှင် ကျပ်(၁၀၀၀၀၀ မှ ၁၁၀၀၀၀)ဈေးဖြင့် ယခင်နှစ်ကဈေးနှုန်းအတိုင်းရရှိပြီး ပဲကြီးသီးနှံများ လှိုင်လှိုင်ထွက်ရှိသည့် မတ်လ(ဒုတိယပတ်)တွင် တစ်တင်းလျှင် ကျပ်(၆၀၀၀၀ မှ ၇၀၀၀၀)ထိရရှိ၍ ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ ထွက်ရှိသည့်ပဲကြီးများကို အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ရောင်းချပါကြောင်း ဥယျာဉ်ကျေးရွာနေ ပဲကြီးစိုက်တောင်သူ ဦးဇော်အောင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)