မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချ

Powered by Drupal

      မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်၊ အလေးချိန်နှင့် အရည်အသွေး ပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊  မုံရွာခရိုင်၊ စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စားအုန်းဆီများဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရသည်၊၊

     စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာရည်ညွှန်းဈေးအပေါ်အခြေခံ၍ သယ်ယူပို့ဆောင်ခပါ ကုန်ကျစရိတ်တွင် အမြတ် ၂ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ပိဿာနှုန်းရောင်းချပေးကြောင်းသိရသည်။

      မုံရွာခရိုင်အတွင်း (၁-၃-၂၀၂၄) ရက်နေ့မှ (၈-၃-၂၀၂၄) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၁၁၅၅၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၇၀၀ကျပ်ဖြင့်လည်းကောင်း၊ (၁၁-၃-၂၀၂၄) ရက်နေ့မှ (၂၂-၃-၂၀၂၄) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၁၉၂၅၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၇၅၀ကျပ်ဖြင့်လည်းကောင်း၊  (၂၅-၃-၂၀၂၄) ရက်နေ့မှ (၂၉-၃-၂၀၂၄) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၉၂၄၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၈၅၀ကျပ်ဖြင့်လည်းကောင်း စုစုပေါင်းပိဿာချိန် (၄၀၀၄၀) ပိဿာခန့်အား လူစည်ကားရာရပ်ကွက်များ၊ ဈေးများအပြင်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)