ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်မှာ ရှမ်းပြည်နယ်၊ အောင်ပန်း၊ ပြင်ဦးလွင်မှဝင်ရောက်သည့် ခရမ်းချဉ်သီးနှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက်ခရမ်းချဉ်သီးနှင့် ပခုက္ကူ၊ မြစ်ခြေကျွန်းဒေသထွက် ခရမ်းချဉ်သီးများဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီးနှင့် ဗမာခရမ်းချဉ်သီး(၂)မျိုးဖြစ်ကြောင်းသိရှိရသည်။

        အောင်ပန်းနှင့် ပြင်ဦးလွင်မှဝင်ရောက်သည့် မေမြို့ ခရမ်းချဉ်းသီးများမှာ ရာသီမရွေးဝယ်ယူစားသုံးနိုင်ပြီး အလုံးလှပြီး အရွယ်အစားငယ်၍ အခွံထူ၍ကာ အချဉ်ဓာတ်နည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများပြီး စားသောက်ဆိုင်ဈေးဆိုင်များမှ အသုံးများကြောင်းနှင့် ဒေသထွက်ကျွန်းခရမ်းချဉ်းသီးများမှာ ဆောင်းရာသီ ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်ထွက်ရှိပြီး အလုံးကြီးပြီး အခွန်ပါးကာ အရည်ရွှန်း၍ အချဉ်ဓာတ်များသည့်အတွက် ဆောင်းရာသီစာသီးနှံဖြစ်၍ အိမ်ရှင်မများနှစ်သက်ခြင်းကြောင့် ဈေးကောင်းရရှိပြီး မေမြို့ထွက် ထိုင်ဝမ်ခရမ်းချဉ်သီးများမှာ ဈေးနှုန်းကျဆင်းကြောင်းသိရှိရသည်။

       ဈေးနှုန်းအနေဖြင့် ဒေသတွင်းခရမ်းချဉ်သီးများ စတင်ထွက်ရှိသည့်အချိန်တွင် ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ ခရမ်းချဉ်သီး(ဗမာ)တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ဖြစ်ပေါ်ခဲ့ပြီး ဇန်နဝါရီလတွင် ထိုင်ဝမ်ခရမ်းချဉ်တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ခရမ်းချဉ်သီး (ဗမာ)တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ ဖေဖော်ဝါရီလတွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ထိုင်ဝမ် ကျပ်(၅၀၀)၊  (ဗမာ)ကျပ်(၁၀၀၀)ဈေးကျဆင်းလာခဲ့ကြောင်း၊ မတ်လတွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ထိုင်ဝမ် ကျပ်(၂၀၀)၊ (ဗမာ)ကျပ်(၇၀၀)ထိ ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ယခုဧပြီလ (ပထမပတ်)အစောပိုင်းတွင် ဒေသတွင်းထွက်ခရမ်းချဉ်သီးများ ဈေးကွက်သို့ ဝင်ရောက်မှုနည်းသွားခြင်းကြောင့် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ထိုင်ဝမ် ကျပ်(၆၀၀ - ၁၀၀၀)၊ (ဗမာ)ခရမ်းချဉ်တစ်ပိဿာလျှင် ကျပ်(၁၀၀၀ - ၁၅၀၀)ထိဈေးနှုန်းမြင့်တက်နေပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သီးနှံဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)