“ ခရမ်းမြို့နယ်၌ မြေပဲစိုက်ခင်းများ သီးနှံအထွက်ကောင်းမွန် ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ခရမ်းမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် မျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသအတွင်းစားနပ် ရိက္ခာဖူလုံစေရန်အတွက် စိုက်ပျိုးထားရှိသည့် မြေပဲစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး စတင်ထွက်ပေါ်နေပြီဖြစ်ကြောင်း ယခင်နှစ်ထက်သီးနှံအထွက်နှုန်းများလည်း ပိုမိုကောင်းမွန်လျက်ရှိကြောင်း ခရမ်းမြို့နယ်အတွင်းရှိ တောင်သူများထံမှ သိရှိရပါသည်။

      ခရမ်းမြို့နယ်တွင် ယခုနှစ် ဆောင်းဆီထွက်သီးနှံစိုက်ပျိုးရာသီ၌ မြေပဲသီးနှံစိုက်ပျိုးရေးကို တစ်မြို့နယ်လုံးလျာထားဧက(၆၈၂)ဧကအား ပြည့်မီအောင်စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းမှုများလည်းရှိကြောင်း သိရှိခဲ့ရပြီး ယခုဆိုလျှင် မြေပဲသီးနှံစိုက်ခင်းများအား စတင်နုတ်ယူနေသော အချိန်ကာလဖြစ်သောကြောင့် ဒေသခံတောင်သူများက အလုပ်သမားများ ငှားရမ်းပြီး တစ်ရက်လျှင် လူတစ်ဦးငှားရမ်းခမှာ(၃၀၀၀)ကျပ်ဖြစ်ပြီး လှိုင်လှိုင်နုတ်ယူနေသော အချိန်ဖြစ်သဖြင့် သီးနှံအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှတင်း(၆၀)ခန့်ထွက်ရှိကြောင်း သိရှိခဲ့ပြီး တစ်ဧကကုန်ကျစရိတ်နှင့် တွက်ကြည့်ပါက မြေပဲစိုက်တောင်သူများအတွက် အကျိုးအမြတ် ရရှိသော သီးနှံဖြစ်ကြောင်း သိရှိရပြီး ခရမ်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီးတွင် ဈေးကွက်ရှိသည့် ပဲတီစိမ်း၊ ပဲတီရွှေဝါနှင့် ဆီထွက်မြေပဲသီးနှံများကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သီးနှံစိုက်ခင်းများမှာ ပိုးမွှားကျ ရောက်မှုမရှိသည့်အတွက် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခင်နှစ် ကထက် အထွက်နှုန်းများ ကောင်းမွန်ခဲ့သည့်အပြင် ဆီကြိတ်ခွဲထုတ်လုပ်ရောင်းချရာတွင်လည်း မြေပဲဆီတစ်ပိဿာ(၁၆၀၀၀) ကျပ်ဖြင့် ဒေသပေါက်ဈေးရောင်းချနေရသဖြင့် ဒေသခံတောင်သူ များ သီးနှံဝင်ငွေအကျိုးအမြတ် ရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)