ဆိပ်ဖြူမြို့နယ်၌ ကြက်သွန်နီမျိုးစေ့အနှံယူစိုက်ပျိုးမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ အလယ်ပိုင်း၊ အနောက်ပိုင်း၊ ရွာသစ်ရပ်ကွက်နှင့် ကိုးထောင့်၊ ချင်တောင်၊ အောက်ဆိပ်၊ မြင်ကဝ၊ ကူရှည်၊ ရွာမ၊ ရွာသာအေးအုပ်စုများနှင့် အခြားနီးစပ်ရာကျေးရွာများတွင် နှစ်စဉ် ကြက်သွန်နီ ဥစိုက်၊ ပင်စိုက်နှင့် မျိုးစေ့အနှံယူစိုက်ခင်းများကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ယခင်နှစ်များတွင် တောင်သူများအနေဖြင့် မိမိတို့စိုက်ခင်းများ၌ စိုက်ပျိုးရန်မျိုးအဖြစ်သာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုများပြီး ယခုအခါတွင် ကြက်သွန်နီဈေးကွက်ခိုင်မာမှုရှိ၍ တောင်သူများအတွက် ကြက်သွန်နီသီးနှံမှာ အကျိုးအမြတ်များစွာရရှိသော သီးနှံဖြစ်ခြင်းကြောင့် မျိုးစေ့ယူစိုက်ခင်းများကိုလည်း တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း၊ ယခင်နှစ်တွင် စိုက်ဧက(၃၅၀)၊ ယခုနှစ်တွင်  ဧက(၅၀၀)ခန့်ထိစိုက်ပျိုးမှုများလာကြောင်း ဒေသခံတောင်သူများထံမှသိရှိရသည်။

    စိုက်ပျိုးမှုအနေဖြင့် ရွှေဖလားထိပ်မောက်(အခွံထူ)အထားခံသော မျိုးကိုစိုက်ပျိုးကြောင်း၊ သဲနုန်းမြေနှင့် မြေမာများတွင် စိုက်ပျိုးကြောင်း၊ မျိုးစေ့အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်ရန် မျိုးကောင်းမျိုးသန့်ကြက်သွန်နီ(ဥကြီး)များကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီသည် အပူအအေးမျှတသော ရာသီဥတုကိုကြိုက်နှစ်သက်၍ ၎င်းကို ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး မတ်လကုန်ပိုင်းတွင် ပွင့်နှံများဆွတ်ခူး၍ အပြီးရိတ်သိမ်းကြောင်း၊ ရရှိသောမျိုးစေ့များကို ပီနံအိတ်အထပ်ထပ်ဖြင့် ထုပ်ပိုးခြင်း၊ သံပုံး၊ ပလတ်စတစ်ပုံးများဖြင့် လေလုံအောင်ထားရှိပြီး သိမ်းဆည်းကြောင်း၊ လေထဲတွင် ရေငွေ့ဓာတ်ပါရှိခြင်းကြောင့် လေလုံအောင်သိမ်းဆည်းကြောင်း၊ လေဝင်ပါက မျိုးစေ့များတွင် အစိုဓာတ်ရရှိပြီး နောင်နှစ်စိုက်ပျိုးရာသီတွင် ကြဲပက်ပါက အပင်ပေါက်မစုံလင်ခြင်းဖြစ်၍ စိုက်တောင်သူများသည် မျိုးစေ့များကို ဂရုတစိုက်အလေးထားပြီး သေချာသိမ်းဆည်းထားရှိကြကြောင်းသိရှိရသည်။

   ကြက်သွန်နီမျိုးစေ့အနှံယူစိုက်ပျိုးမှုနှုန်းမှာ (၁)ဧကလျှင် ကြက်သွန်နီမျိုးဥအရွယ်အစားလိုက်၍ ပိဿာချိန် (၃၅၀-၄၀၀)ထိစိုက်ပျိုးရပြီး တစ်ပိဿာလျှင် ကျပ် (၂၀၀၀)ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ တောင်သူတစ်ဦးချင်းအနေဖြင့် မြေသားကွာခြားမှု၊ စိုက်ပျိုးချိန် ရာသီမတူညီမှု၊ သွင်းအားစုသုံးစွဲပုံအတူညီခြင်းတို့ကြောင့် အထွက်တင်း(၅-၇)ထိထွက်ရှိကြောင်း၊ ကုန်ကျစရိတ်မှာ ကျပ်သိန်း(၃၀)ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်တွင် ဈေးကွက်ကောင်း၍ အကျိုးအမြတ်များစွာရရှိခဲ့ကြောင်း ဒေသခံတောင်သူကပြောပြခဲ့ပါသည်။

       ဈေးနှုန်းဈေးကွက်အနေဖြင့် ကြက်သွန်နီမျိုးစေ့များကို တောင်သူများရောင်းချရာတွင် မျိုးစေ့ (၁)ပြည်လျှင် (၂၀၂၀)ခုနှစ်တွင် ကျပ်(၅၀၀၀)၊ (၂၀၂၁)ခုနှစ်တွင် ကျပ်(၁၀၀၀၀-၁၅၀၀၀)၊ (၂၀၂၂) ခုနှစ်တွင် ကျပ်(၂၅၀၀၀-၃၀၀၀၀)၊ (၂၀၂၃)ခုနှစ်တွင် ကျပ်(၄၀၀၀၀-၅၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး (၂၀၂၄)ခုနှစ်တွင် ပြည်တွင်းကြက်သွန်နီဈေးကွက်ခိုင်မာမှုရှိပြီး ပြည်ပဝယ်လိုအားကောင်းခြင်းကြောင့် မျိုးစေ့ရောင်းချချိန်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)ဖြင့်အရောင်းအဝယ်ဖြစ်၍ ကြက်သွန်နီမျိုးစေ့ဈေးကွက်မှာလည်း မြင့်တက်လာခြင်းဖြစ်၍ မျိုးစေ့(၁)ပြည်လျှင်ကျပ်(၁၀၀၀၀၀- ၁၅၀၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကျပ်(၁၂၀၀၀၀)ဖြင့် ပျမ်းမျှရောင်းချပါက တစ်ဧကဝင်ငွေမှာ ကျပ်(၉၆၀၀၀၀၀)ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ် (၆၆၀၀၀၀၀)ခန့်ရရှိကြောင်း၊ ယခုနှစ်တွင်လည်း တောင်သူများအနေဖြင့် ထွက်ရှိသောကြက်သွန်နီမျိုးစေ့များကို ရောင်းချချိန်တွင် ကြက်သွန်နီဈေးကွက်ခိုင်မာမှုရှိပါက မျိုးစေ့ဈေးကွက်ကောင်းပြီး ယခင်နှစ်ကဲ့သို့ အကျိုးအမြတ်များစွာရရှိမည်ဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောပြကြပါသည်။

      ကြက်သွန်နီသီးနှံသည် တောင်သူများအတွက် အကျိုးအမြတ်များစွာရရှိသော သီးနှံတစ်မျိုးဖြစ်၍ ကြက်သွန်နီဈေးကွက်ခိုင်မာခြင်းဖြင့် မျိုးစေ့အနှံယူ စိုက်တောင်သူများအတွက် ဈေးကောင်းရရှိ၍ အကျိုးအမြတ်များစွာရရှိခြင်းကြောင့် နှစ်စဉ်တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)