ဆန်လက်ကျန် တန်ချိန် ၁ သန်းကျော်ရှိကြောင်း မလေးရှားအစိုးရ ပြောကြား

Powered by Drupal

    မလေးရှားနိုင်ငံ၌ ၈-၄-၂၀၂၄ နေ့အထိ အရန်ရိက္ခာဆန် တန်ချိန် ၂၉၀၀၀၀ အပါအဝင် ဆန်လက်ကျန်စုစုပေါင်းမှာ ၁၀၉၆၉၆၄ တန်ရှိပြီး ပြည်တွင်းစားသုံးရန်လိုအပ်ချက်ကို ၅.၄၈ လကြာ အထိ တည်ငြိမ်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း မလေးရှား လယ်ယာစိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာဖူလုံရေး ဝန်ကြီးဌာနမှ ပြောကြားချက်အရ သိရသည်။

     အဆိုပါဝန်ကြီးဌာနက ၈-၄-၂၀၂၄ ရက်နေ့၌ သတင်းထုတ်ပြန်ရာတွင် အဓိက စားနပ်ရိက္ခာ ဖြစ်သောဆန်ကို ပြည်သူလူထုသို့ လုံလောက်စွာ ထောက်ပံ့ပေးနိုင်သည်ဟု အာမခံချက်ပြုခဲ့သည်။ လက်ရှိကာလတွင် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသောဆန်ဖြူ (BPT) များအား ဖြန့်ဖြူးမှုကို ဆောင် ရွက်လျက်ရှိပြီး စားသုံးသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမျိုးသား လူနေမှု စရိတ်ရေးရာ ကောင်စီက ယခင်လ၌ အပြီးသတ်အတည်ပြုခဲ့သော ပြည်ပမှ တင်သွင်းသည့်ဆန်ဖြူ (BPI) ၏ လက်လီဈေးနှုန်းကို ၁၀ ကီလိုဂရမ်ဝင် တစ်အိတ်လျှင် မလေးရှားရင်းဂစ်၂ မှ ၃ အကြား လျှော့ချနိုင်ရေး အစီအစဉ်ကိုလည်း အကောင်အထည် ဖော်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

     အစိုးရအနေဖြင့် ပြည်တွင်း၌ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် “Rice Wave initiative” ခေါ် ဆန်စပါးလှိုင်း စီမံချက်၏ အစီအစဉ် (၁၂) ရပ်မှတစ်ဆင့် လုပ်ငန်းစဉ် အမျိုးမျိုးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ အစီအစဉ်များအနက် အကြီးစား ခေတ်မီ ဆန်စပါးစိုက်ပျိုးရေး အစီအမံအား တိုးချဲ့ခြင်း၊ ၂ နှစ်တာကာလအတွင်း ၅ ရာသီ စပါးစိုက်ပျိုးမှု အစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် စပါးစိုက်ခင်းများသို့ ဆည်ရေပေးဝေမှု အခြေခံ အဆောက်အအုံများ အားကောင်းစေရန် ဆောင်ရွက်ခြင်းတို့ ပါဝင်ကြောင်း မလေးရှား လယ်ယာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ဝန်ကြီးဌာနက ဖော်ပြထားသည်။

     စားနပ်ရိက္ခာဖူလုံရေး အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် အမျိုးသား စိုက်ပျိုးရေး အခြေခံ စားနပ်ရိက္ခာ မူဝါဒ ၂၀၂၁-၂၀၃၀ နှင့်အညီ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအပြင် အခြားသော အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ကောက်ပဲသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုနှင့် စားသုံးမှုကိုလည်း မလေးရှားအစိုးရက တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။

     ယခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့၌ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Datuk Seri Mohamad Sabu ၏ ပြောကြားခဲ့မှုအရ မလေးရှားနိုင်ငံ၏ စပါးနှင့် ဆန်လုပ်ငန်းကို ပိုမိုထိရောက်၍ ကြံ့ကြံ့ခံနိုင်သော အဆင့်သို့ မြှင့်တင်ရန်အတွက် “Rice Wave” ပဏာမခြေလှမ်းကို ယခုနှစ်တွင် စတင်ခဲ့ကြောင်း၊ ဝန်ကြီးဌာနသည် စပါးနှင့် ဆန်လုပ်ငန်း၏ အသွင်ကူးပြောင်းရေး ပြောင်းလဲမှု အစပျိုးအဖြစ် အကောင်အထည်ဖော်ရမည့် အစီအစဉ် ၁၂ ခုကို ရေးဆွဲထားပြီး အသိအမှတ်ပြု လက်မှတ်ရ စပါးမျိုးစေ့ထုတ်လုပ်မှု ဆွဲဆောင်ရေး မူဝါဒသစ်တစ်ရပ်ကိုလည်း မိတ်ဆက်ထား ကြောင်း သိရှိရသည်။

Source: The Edge Malaysia, 8 April 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)