ခေါက်ဆွဲလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်၊ “Top” ခေါက်ဆွဲ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်းအမှတ် အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

              အသိပညာပေးဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကိုလည်းကောင်း၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ၄၁။(ခ)နှင့်(ဆ)တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊  အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့်အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းခဲ့ပါသည်။

             ထို့နောက် “Top” ခေါက်ဆွဲလုပ်ငန်းအား လေ့လာရာတွင် ခေါက်ဆွဲတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းဂျုံများအား မြို့ပေါ်ရှိဂျုံစက်များမှ ဝယ်ယူကြောင်း၊ ဂျုံ ၁ အိတ် လျှင် ၂၄ ပိဿာမှ ၂၅ပိဿာခန့်ရှိပြီး ၃ သောင်းကျော်ဖြင့်ဝယ်ယူရကြောင်း၊  တစ်ရက်လျှင်  ဂျုံ ၁၀ အိတ် မှ ၁၂ အိတ်ထိ ဂျုံကုန်ကြမ်း ၃၀၀ ပိဿာဝန်းကျင် သုံးစွဲရကြောင်း၊ ကိုဗစ်ကာလတွင် လုပ်ငန်း လည်ပတ်မှုအား ထိခိုက်မှုမရှိဘဲ ပုံမှန်လည်ပတ်နိုင်ကြောင်း၊  ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိကုန်မျိုးစုံ ဆိုင်များသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ ဈေးနှုန်း‌အနေဖြင့် အသားတင်အလေးချိန် ၁၈ ကျပ်သား တစ်ထုပ်လျှင် ၅၆၀ ကျပ်နှင့် ၅၀ ကျပ်သား တစ်ထုပ်လျှင် ၁၃၀၀ ကျပ်နှုန်းဖြင့် လက်ကားရောင်းချ လျက်ရှိကြောင်းသိရသည်။ ဆက်လက်၍ “Top” ခေါက်ဆွဲလုပ်ငန်း၏ ကုန်အမှတ် တံဆိပ်များအား လေ့လာရာတွင် အလေးချိန်ဖော်ပြချက် အသားတင်ပမာဏ ဖော်ပြရန်လိုအပ်ချက်ရှိ၍ ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှသာ ဈေးကွက်တွင် ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြပါရှိရမည့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)