၂၀၂၄ ခုနှစ် ပထမသုံးလ၌ သီဟိုဠ်စေ့တင်ပို့မှုမှ ဒေါ်လာ ၅၄၃ သန်း ကမ္ဘောဒီးယား ဝင်ငွေရရှိ

Powered by Drupal

   ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ဒေါ်လာ ၅၄၃ သန်း တန်ဖိုးရှိ‌သော သီဟိုဠ်စေ့များ တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၁၃% တိုးတက်ခဲ့ကြောင်း၊ ယင်းကာလအတွင်း သီဟိုဠ်စေ့ထုတ်လုပ်မှု စုစုပေါင်းတန်ချိန် ၄၇၄၀၀၀ အနက် ၄၂၄၀၀၀ တန် အား ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း  ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း၏ အစီရင်ခံစာအရ သိရှိရသည်။

   နိုင်ငံတကာဈေးကွက်၌ ဝယ်လိုအား ကြီးထွားလာခြင်းကြောင့် သီဟိုဠ်စေ့ပို့ကုန် တန်ဖိုးတိုးလာသည်ဟု ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်း၏ ဥက္ကဋ္ဌ Uon Silot က ပြောကြားခဲ့သည်။ သီဟိုဠ်စေ့ထုတ်လုပ်သည့် နိုင်ငံအချို့အနေဖြင့် ရာသီဥတုဆိုးရွားမှုဒဏ်ကို ခံခဲ့ရကြောင်း၊ အာရှနှင့် အာဖရိကရှိ သီဟိုဠ်စေ့ထုတ်လုပ်သည့် နိုင်ငံတချို့အပေါ် အယ်လ်နီညို၏ သက်ရောက်မှုကြောင့် သီဟိုဠ်စေ့စျေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း သိရှိရသည်။
   ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန၏ ဖော်ပြချက်အရ လက်ရှိကာလတွင် ပြည်နယ် ၁၀ ခု၌ သီဟိုဠ်ခြံ ဟက်တာပေါင်း ၇ သိန်းခန့် စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ ကမ္ဘောဒီးယားအစိုးရသည် အမျိုးသားအဆင့် သီဟိုဠ်စေ့ဆိုင်ရာမူဝါဒ (၂၀၂၂-၂၀၂၇) ကို စတင်ခြင်းဖြင့် သီဟိုဠ်စေ့လုပ်ငန်း၏အနာဂတ်ကို မျှော်မှန်းထားသည်။ အဆိုပါ ပြည့်စုံသော လမ်းပြမြေပုံသည် မဟာဗျူဟာ ပန်းတိုင်သုံးခုဖြစ်သည့် စိုက်ပျိုးထုတ်လုပ်မှု၊ ပြုပြင်ထုတ်လုပ်မှုနှင့် တင်ပို့မှုများ ခိုင်မာအားကောင်းစေရန် အဓိကရေးဆွဲထားခြင်းဖြစ်သည်။ ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်းဥက္ကဋ္ဌ၏ ပြောကြားချက်အရ အမျိုးသားအဆင့် သီဟိုဠ်စေ့ဆိုင်ရာမူဝါဒ စတင် ချိန်မှစ၍ ပြည်တွင်း၌ သီဟိုဠ်စေ့စိုက်ပျိုးထုတ်လုပ်မှုသည် ၅% မှ ၁၀% အထိ မြင့်တက်လာသည်ဟု သိရှိရသည်။
  ကမ္ဘောဒီးယားသည် ကမ္ဘာပေါ်တွင် သီဟိုဠ်စေ့ထုတ်လုပ်မှု အများဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်သော်လည်း စိုက်ပျိုးထုတ်လုပ်မှု၏ ၁၀% မျှကိုသာ ပြည်တွင်း၌ ပြုပြင်ထုတ်လုပ်မှုရှိသည်။ ဆန်၊ ရော်ဘာ၊ ပီလောပီနံ၊ စားအုန်းဆီ၊ ငှက်ပျောသီး၊ သရက်သီး၊ တောကြက်မောက် သီးနှင့် ငရုတ်ကောင်းတို့အပြင် သီဟိုဠ်သည် ကမ္ဘောဒီးယား၏ အလားအလာရှိသော စီးပွားဖြစ်စိုက်ပျိုးသီးနှံများထဲမှ တစ်ခုဖြစ်ကြောင်း သိရှိရသည်။

Source: Khmer Times, 25 April, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)