ပြည်နှမ်းဈေးများဆက်လက်မြင့်တက်လာ

Powered by Drupal

      ပြည်ခရိုင်၏ ၂၀၂၄ခုနှစ်၊ မေလဆန်းတွင် နွေနှမ်းများရိတ်သိမ်းပြီး၍ မိုးနှမ်းများစိုက်ပျိုးရန် ထွန်ရေးပြင်ချိန်ဖြစ်၍ နှမ်းသီးနှံလက်ကျန်များရှားပါးလာ၍ ဈေးနှုန်းများမြင့်တက်လာသည်ဟုသိရပါသည်။ ပြည်ခရိုင်တွင် နှမ်းနက်ကိုအများဆုံးစိုက်ပျိုးကြပြီး နှမ်းနီကိုမူ အနည်းငယ်သာစိုက်ပျိုးကြ၍ မိုးနှမ်းကို မေလနှင့်ဇွန်လတို့တွင် စတင်စိုက်ပျိုးကြပြီး ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်ထွက်ပေါ်လာမည်ဖြစ်ပါသည်။ ယခုအချိန်တွင် ပြည်မြို့ရှိဈေးကွက်များ၌ နှမ်းလက်ကျန်များရှားပါးလာပြီး ဝယ်လိုအားလည်းရှိသဖြင့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ နှမ်းဈေးနှုန်းများ အနေဖြင့် ၂၀၂၄ခုနှစ်၏ နှစ်စတွင် နှမ်းနီ (၃)တင်းဝင်တစ်အိတ်လျှင် ၂၈၀၀၀၀ကျပ်၊ နှမ်းနက် (၃)တင်းဝင်တစ်အိတ်လျှင် ၃၀၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း(၃)တင်းဝင်တစ်အိတ်လျှင် ၃၄၀၀၀၀ကျပ်ဖြင့် ဈေးစတင်ဖွင့်ခဲ့ရာ ယခုမေလဆန်းတွင် နှမ်းနီ (၃)တင်းဝင်တစ်အိတ်လျှင် ၃၄၅၀၀၀ကျပ်၊ နှမ်းနက် (၃)တင်းဝင်တစ်အိတ်လျှင် ၃၈၄၀၀၀ကျပ်နှင့် စမုံနက်နှမ်း(၃)တင်းဝင်တစ်အိတ်လျှင် ၃၉၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ဈေးနှုန်းများမြင့်တက်လာသော်လည်း ပစ္စည်းလက်ကျန်ရှားပါး၍ ဆီကြိတ်ရန် နှမ်းနီကို အခြားတိုင်းများမှဝယ်ယူ၍ ကြိတ်ခွဲရသဖြင့် နှမ်းဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ဈေးများမြင့်တက်လာခဲ့ပါသည်။ နှမ်းဆီဈေးများမြင့်တက်လာသဖြင့် စားသုံးသူများအနေဖြင့် ဝယ်ယူစားသုံးမှုနည်း၍ ဈေးကွက်တွင် အခြားစားသုံးဆီများကိုသာဝယ်ယူစားသုံးကြသည်ဟုသိရှိရပါသည်။

DOCA(ပဲခူး)