
ပြည်ခရိုင်တွင် ယခုမေလဆန်းပိုင်းတွင် မိုးမြေပဲများစိုက်ပျိုးရန် ပြင်ဆင်နေချိန်ဖြစ်၍ တောင်သူများလက်ဝယ်တွင် မျိုးအပြင် လက်ကျန်အနည်းငယ်သာရှိသော အချိန်ကာလဖြစ်ပါသည်။ ထို့ကြောင့် ပြည်မြို့ရှိပွဲရုံများနှင့် ဈေးကွက်များသို့ မြေပဲဆန်ဝင်ရောက်မှုနည်းသွားပြီး မြို့တွင်းဆီစက်များအနေဖြင့် ယခင်လှောင်ထားသော မြေပဲဆန်များကိုသာထုတ်၍ ဆီကြိတ်ကြပြီး မြေပဲလှော်လုပ်ငန်းသမားများကလည်း ထို့အတူထုတ်၍ လုပ်ငန်းအတွက် အသုံးပြုကြပါသည်။ မြေပဲဆန်ဈေးများအနေဖြင့် ၂၀၂၄ခုနှစ်၊ နှစ်စအချိန်ဖြစ်သော ဇန်နဝါရီလတွင် ဆီကြိတ်မြေပဲဆန် (အဖြူ) တစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ ဆီကြိတ်မြေပဲဆန်(အနီ) တစ်ပိဿာလျှင် ၇၂၀၀ကျပ်နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ လုံးဆန်(အနီ)တစ်ပိဿာလျှင် ၇၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဖေဖော်ဝါရီလတွင် ဆီကြိတ်မြေပဲဆန် (အဖြူ) တစ်ပိဿာလျှင် ၆၂၀၀ကျပ်၊ ဆီကြိတ်မြေပဲဆန် (အနီ) တစ်ပိဿာလျှင် ၆၇၀၀ကျပ်နှင့် လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ၇၂၀၀ကျပ်၊ လုံးဆန်(အနီ)တစ်ပိဿာလျှင် ၇၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လတွင် ဆီကြိတ်မြေပဲဆန် (အဖြူ) တစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ ဆီကြိတ်မြေပဲဆန် (အနီ) တစ်ပိဿာလျှင် ၇၃၀၀ကျပ် နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ လုံးဆန်(အနီ)တစ်ပိဿာလျှင် ၇၈၀၀ကျပ်ဖြင့် ယခင်လထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ဧပြီလ နောက်ဆုံးပတ်နှင့် မေလဆန်းတွင် ဈေးနှုန်းတူနေသဖြင့် ဆီကြိတ်မြေပဲဆန် (အဖြူ) တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ဆီကြိတ်မြေပဲဆန် (အနီ) တစ်ပိဿာလျှင် ၆၈၀၀ကျပ်နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၆၆၀၀ကျပ်၊ လုံးဆန်(အနီ) တစ်ပိဿာလျှင် ၇၄၀၀ကျပ်ဖြင့် ဈေးပြန်ကျသွားသည်ကိုတွေ့ရပါသည်။ ထိုသို့မြေပဲဆန်ဈေးများ ကျဆင်းလာရခြင်းမှာ ဈေးကွက်တွင် ပစ္စည်းလက်ကျန်ရှားလာပြီး အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပါးသွား၍ ဈေးနှုန်းများကျဆင်းလာရခြင်းဖြစ်သည်ဟုသိရပါသည်။ လာမည့်ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် မြေပဲများစတင်ထွက်ပေါ်လာမည်ဖြစ်၍ အထွက်လှိုင်လာချိန်တွင် အရောင်းအဝယ်များ ပြန်လည်ဖြစ်လာမည်ဟုသိရှိရပါသည်။
DOCA(ပဲခူး)