ပွင့်ဖြူမြို့နယ်တွင် နွေနှမ်းစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ဆီအိုးကြီးလို့ တင်စားရလောက်အောင် ဆီထွက် သီးနှံများ စိုက်ပျိုးဖြစ်ထွန်းသောတိုင်းဒေသကြီးတစ်ခုဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ ပွင့်ဖြူမြို့နယ်သည် မင်းဘူး(စကု)-စလင်း(ဆင်ဖြူကျွန်း) ကားလမ်းမဘေးတွင် တည်ရှိပြီး မုန်းချောင်းမှရေများကို မြောင်းနှစ်သွယ်ဖြင့် သွယ်ယူကာ စပါး၊ ပဲ၊ နှမ်း၊ နေကြာ၊ မြေပဲနှင့် ဥယျာဉ်ခြံသီးနှံများကို အဓိကထား၍ စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရှိရပါသည်။

          ပွင့်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံအနေဖြင့် မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို အဓိကထားစိုက်ပျိုး ကြပြီး ၂၀၂၄ခုနှစ်တွင် နွေနှမ်းကို လယ်မြေဧက(၂၇၁၉၃)ဧကကျော်စိုက်ပျိုးထားကြောင်း၊ နွေနှမ်းကို ဧပြီလ(တတိယပတ်)မှ စတင်စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးအနေဖြင့် (၂)ပြည်ခန့် ကုန်ကြကြောင်း၊ စိုက်ပျိုးရာတွင် အပူဒဏ်ကိုခံနိုင်သော နှမ်းမျိုးများဖြစ်သည့် ဆင်းရတနာ (၃)နှမ်းနက်၊ ဆင်းရတနာ (၄)နှမ်းဖြူ၊ ဆင်းရတနာ(၅)နှမ်းနီမျိုးများကို ထွန်ယက်၍ ရေတင်ရေဖြန်းစနစ်ဖြင့် စိုက်ပျိုးကြ ကြောင်း၊ နွေနှမ်းမျိုးကို ရက်တိုရက်ရှည်ပေါ်မူတည်၍ ဇွန်လကုန်နှင့် ဇူလိုင်လ(ပထမပတ်)တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ (၁)ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် ကျပ်(၂၀၀၀၀၀)ခန့်ကုန်ကျပါ ကြောင်း၊ နှမ်းစိုက်ပျိုးရန် စိုက်ပျိုးရေကို စောစီးစွာရရှိသောကြောင့် သီးနှံအထွက်နှုန်းအနေဖြင့် ကောင်းမွန်နိုင်မည် ဟုမျှော်မှန်းထားကြောင်း ပွင့်ဖြူမြို့နယ်နေ နွေနှမ်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

          ပွင့်ဖြူမြို့နယ်အနေဖြင့် နွေနှမ်းစိုက်ဧက (၂၇၁၉၃)ဧကတွင် ပထမတန်းစားမြေအနေဖြင့် (၁၂တင်းနှင့် ၁၅တင်း)ကြား၊ ဒုတိယတန်းစားမြေအနေဖြင့် (၁၀တင်းနှင့် ၁၂တင်း)ကြား၊ တတိယ တန်းစား မြေအနေဖြင့် (၈တင်းနှင့် ၁၀တင်း)ကြား ထွက်ရှိမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

DOCA(မကွေး)