ကြက်သွန်နီတင်ပို့မှု ပိတ်ပင်ထားခြင်းကို အိန္ဒိယအစိုးရက ပြန်လည်ပယ်ဖျက်

Powered by Drupal

   အိန္ဒိယနိုင်ငံတွင် ကြက်သွန်နီထွက်ရှိရာ ဒေသဖြစ်သည့် မဟာရက်ရှ်ထရာပြည်နယ်၌ လာမည့်ရွေးကောက်ပွဲအဆင့်သုံးဆင့် မတိုင်မီတွင် ဗဟိုအစိုးရအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ချမှတ်ထားသော ကြက်သွန်နီတင်ပို့မှု ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ရန် ၄-၅-၂၀၂၄ ရက်၊ စနေနေ့၌ ကြေညာခဲ့ကြောင်း သိရှိရသည်။

     ကြက်သွန်နီများကို အနိမ့်ဆုံးပို့ကုန်ဈေးနှုန်း (MEP) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၀ နှင့် ပို့ကုန်ခွန် ၄၀ ရာခိုင်နှုန်းဖြင့် တင်ပို့ခွင့်ပြုကြောင်း နိုင်ငံခြားကုန်သွယ်မှု ညွှန်ကြားမှုဦးစီးဌာန (DGFT) က စနေနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    ပြည်ပသို့ ကြက်သွန်နီတင်ပို့မှု ပိတ်ပင်လိုက်ခြင်းသည် နိုင်ငံ၏ ကြက်သွန်နီထွက်ရှိရာဒေသဟု လူသိများသော မဟာရက်ရှ်ထရာပြည်နယ် အနောက်ပိုင်းနှင့် မဟာရက်ရှ်ထရာပြည်နယ်ရှိ ကြက်သွန်စိုက်တောင်သူများကို ထိခိုက်စေခဲ့ကြောင်း၊ အဆိုပါ ဒေသနှစ်ခုတည်းမှ အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီ ထုတ်လုပ်မှုစုစုပေါင်း ၄၀ ရာခိုင်နှုန်းကို ထုတ်လုပ်ကြောင်း သိရှိရသည်။

     Economic Times သတင်းဌာန၏ မဟာရက်ရှ်ထရာပြည်နယ် အနောက်ပိုင်းဒေသများသို့ သွားရောက်ခဲ့သော ခရီးစဉ်များအရ ကြက်သွန်နီစိုက် တောင်သူများအနေဖြင့် ကြက်သွန်နီတင်ပို့မှု ပိတ်ပင်ထားခြင်း ဆုံးဖြတ်ချက်အပေါ် မကျေမနပ်ဖြစ်ကာ အိန္ဒိယနိုင်ငံ၏ ဒေသအချို့တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတည်းက ဆန္ဒပြမှုများရှိခဲ့ကြောင်း သိရှိရသည်။

     ဂူဂျာရတ်ပြည်နယ်တွင် ထွက်ရှိသော ကြက်သွန်နီ အလုံးဖြူ တန်ချိန် ၂၀၀၀ အား ပြည်ပသို့ တင်ပို့ရန် အိန္ဒိယအစိုးရက ဧပြီလ၂၅ ရက်နေ့၌ ဖြေလျှော့ပေးပြီးနောက်ပိုင်းတွင် ကြက်သွန်နီ စိုက် ပျိုးသည့် တောင်သူများအနေဖြင့် ပိုမိုအမျက်ထွက်ခဲ့ကြကြောင်း သိရှိရသည်။ ဂူဂျာရတ်ပြည်နယ်သည် ပြည်ပနိုင်ငံများမှ ဝယ်လိုအားများပြားသော ကြက်သွန်နီ အလုံးဖြူကို အဓိကထုတ်လုပ် သည့် ပြည်နယ်တစ်ခု ဖြစ်ကြောင်း၊ ဂူဂျာရတ်ပြည်နယ်၏ ကြက်သွန်နီ ထိပ်တန်းထွက်ရှိသော ခရိုင်များဖြစ်သည့် Bhavnagar နှင့် Amreli တို့၌ ရွေးကောက်ပွဲတတိယအဆင့်တွင် လော့ဆာဘာ ဟုခေါ်တွင်သော အိန္ဒိယအောက်လွှတ်တော်၏ အမတ်နေရာ ၂ နေရာအတွက် မဲပေးရန် စီစဉ်ထားကြောင်း သိရှိရသည်။

      မဟာရက်ရှ်ထရာပြည်နယ်သည် ကြက်သွန်နီ အနီလုံးကို စိုက်ပျိုးထုတ်လုပ်ပြီး အဆိုပါပြည်နယ်မှ တောင်သူများအနေဖြင့် ဂူဂျာရတ်ပြည်နယ်အတွက် ဖြေလျှော့ပေးထားသည့်အတိုင်း ၎င်းတို့အတွက်လည်း အလားတူဖြေလျှော့မှုများရရှိရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

     အဆိုပါအချက်သည် လက်ခံကြိုဆိုရမည့် ခြေလှမ်းတစ်ခု ဖြစ်သော်လည်း အတော်နောက်ကျနေပြီဖြစ်ကြောင်း၊ ပထမဦးစွာအနေဖြင့် ပို့ကုန်တင်ပို့မှုအား ပိတ်ပင်ခြင်း မပြုလုပ်သင့်ကြောင်း၊ ပို့ကုန်တားမြစ်ချက်ကို ရုပ်သိမ်းမည်ဆိုပါကလည်း ပြည်နယ်တစ်ခုတည်းအတွက် မဟုတ်ပဲ ပြည်နယ်အားလုံးအတွက် ဖြစ်သင့်ကြောင်း နာရှစ်မြို့၊ Pimpri Sayyad ကျေးရွာမှ ကြက်သွန်နီစိုက်တောင်သူ Abhishek Salunke က Econmic Times သို့ ပြောကြားခဲ့သည်။

     နာရှစ်သည် မဟာရက်ရှ်ထရာပြည်နယ်ရှိ ကြက်သွန်နီစိုက်တောင်သူများ၏ အချက်အချာ မြို့တစ်ခုဖြစ်ကြောင်း၊ နိုင်ငံ၏အကြီးဆုံး ကြက်သွန်နီဈေးဖြစ်သည့် လာဆယ်ဂွန်သည် နာရှစ် လော့ဆာဘာလွှတ်တော် နယ်မြေအောက်၌ရှိကြောင်း၊ ယခင်ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ ၂ ကြိမ်တွင် Shiv Sena ပါတီခေါင်းဆောင် Hemant Godse သည် လက်ရှိ ဗဟိုအစိုးရအဖွဲ့အဖြစ် ဖွဲ့စည်းအုပ်ချုပ်လျက်ရှိသည့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် (National Democratic Alliance-NDA) အဖွဲ့၏ တစ်စိတ်တစ်ပိုင်းအဖြစ် နာရှစ် လော့ဆာဘာလွှတ်တော်အမတ်နေရာကို အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။

    ၂၀၁၉ ခုနှစ်တွင် မဟာရက်ရှ်ထရာပြည်နယ်၏ လော့ဆာဘာလွှတ်တော်အမတ်နေရာ ၈ နေရာအနက် BJP ပါတီမှ ၄ နေရာအနိုင်ရရှိခဲ့ပြီး Shiv Sena ပါတီမှ ၃ နေရာနှင့် Aurangabad မြို့ မှ အမတ်နေရာအတွက် AIMIM ပါတီမှ ၁ နေရာ အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။ Maratha ဒေသ၌ အမတ်နေရာခွဲတမ်းသတ်မှတ်ရေး လှုပ်ရှားတောင်းဆိုမှုများကြောင့် ဂယက်ရိုက်မှုများနှင့်အတူ ကြက်သွန်နီစိုက်တောင်သူများ၏ ဆန္ဒပြမှုသည် NDA မဟာမိတ်အဖွဲ့၏ ရွေးကောက်ပွဲရလဒ် အပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း သိရှိရသည်။

    ကြက်သွန်နီပို့ကုန်တင်ပို့မှု ပိတ်ပင်ထားခြင်းကို ရုတ်သိမ်းပေးခြင်းဖြင့် တောင်သူများအား သက်သာရာရစေရန် အစိုးရက ကြိုးပမ်းခဲ့ကြောင်း၊ အစိုးရ၏ အဆိုပါဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သက်ရောက်မှုရလဒ်ကို လာမည့်အထွေထွေရွေးကောက်ပွဲ အဆင့် ၃ ဆင့်တွင် မဲပေးပြီးချိန်၌ မြင်တွေ့ရမည် ဖြစ်ကြောင်း သိရှိရသည်။

Source: Economic Times, 5 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)