
အဋ္ဌမအကြိမ် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (China Interna-tional Import Expo- CIIE) ကို နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ရှန်ဟိုင်းမြို့ရှိ (National Exhibition and Convention Center- NECC) ၌ ကျင်းပလျက် ရှိပြီး ယနေ့နံနက်ပိုင်းတွင် ဖွင့်ပွဲ ကျင်းပသည်။
ယခုနှစ် CIIE တွင် ကမ္ဘာ့ထိပ်တန်း စက်မှုနှင့် အီလက်ထရွန်နစ်ကုမ္ပဏီ ၁၀ ခု ပါဝင် ပြသထားပြီး ကမ္ဘာကျော် ကောက်ပဲသီးနှံလုပ်ငန်း လေးခု အပါအဝင် နိုင်ငံတကာ ထိပ်တန်း ကုမ္ပဏီများ ပါဝင်ပြသထားသည်ကို တွေ့ရသည်။ ပြပွဲအတွင်း အဓိကဖိုရမ်တစ်ခု၊ ဆက်စပ်ဖိုရမ် ၃၃ ခုနှင့် အဋ္ဌမအကြိမ်မြောက် ဟုန်ချောင် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်ကိုလည်း ထည့်သွင်း ကျင်းပမည်ဖြစ်သည်။
ယခုနှစ်ပြပွဲသို့ နိုင်ငံပေါင်း ၁၅၅ နိုင်ငံမှ လုပ်ငန်းမျိုးစုံ၊ ထုတ်ကုန်မျိုးစုံတို့အပြင် နိုင်ငံတကာ အဖွဲ့ အစည်းများကလည်း ပါဝင်ပြသလျက်ရှိပြီး ပြပွဲဧရိယာ စတုရန်းမီတာ ၄၃၀၀၀၀ အကျယ် အဝန်း အတွင်း နိုင်ငံတကာနှင့် တရုတ် ကုမ္ပဏီ ၄၁၀၀ က ခင်းကျင်းပြသ ခြင်းဖြစ်သည်။ ပြခန်းအရေ အတွက်မှာ ယမန်နှစ်ကထက် ပိုမိုများပြားခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲ အခမ်းအနားအတွင်း တရုတ်နိုင်ငံဝန်ကြီးချုပ် Li Qiang (လီချန်း)က မိန့်ခွန်း ပြောကြားရာ၌ အခွင့်အလမ်းသစ်များ ပိုမိုအားဖြည့်ထားသည့်အပြင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။
ပြခန်းများတွင် စက်ရုပ် နည်းပညာ၊ ဉာဏ်ရည်တု နည်းပညာ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာနှင့် ဆေးဝါးသစ်များ၊ အိမ်သုံးထုတ်ကုန်များ၊ အလှကုန်များ စသည့် ကဏ္ဍ အသီးသီးတွင် နိုင်ငံတကာထိပ်တန်း ကုမ္ပဏီများဖြစ်သည့် Bayer၊ Slemens၊ Nestle စသည့် ကုမ္ပဏီများကို မြင်တွေ့ရပြီး အာဖရိကဒေသများမှ ပြခန်းများမှာလည်း ယမန်နှစ်ကထက် ၈၀ ရာခိုင်နှုန်းအထိ တိုးတက်၍ များပြားစွာ ပါဝင်လာခဲ့သည်။ မြန်မာနိုင်ငံမှလည်း လက်မှုပစ္စည်းများ၊ ကော်ဖီ၊ ပျားရည် အစရှိသည့် စားသောက်ကုန်များနှင့် လယ်ယာထွက် စိုက်ပျိုးရေးထုတ်ကုန်များ ပြသထားသည်။
ပြခန်းများကို နိုင်ငံအလိုက် ပြခန်းများ၊ ဆေးဝါးနှင့် ကျန်းမာရေး ထုတ်ကုန်များ၊ မော်တော် ကားနှင့် နည်းပညာမြင့် စက်တပ်ယာဉ်များ၊ အစားအစာနှင့် လယ်ယာထွက်ကုန်များ၊ လုပ်ငန်းအသီး သီးတို့၏ ပို့ကုန်၊ သွင်းကုန်များ စသည်ဖြင့် ကဏ္ဍများအလိုက် နိုင်ငံသီးသီးက နောက်ဆုံးပေါ် ထုတ်ကုန်များနှင့် နည်းပညာများကို ပြသထားသည်။ ထူးခြားမှုအနေဖြင့် လူပု ံသဏ္ဌာန် တူစက်ရုပ် များ၊ ဒစ်ဂျစ်တယ် နည်းပညာနှင့် ဝန်ဆောင်မှုအသစ် ပေါင်း ၄၆၁ ခုကို ထည့်သွင်းပြသ ထားခြင်းဖြစ်သည်။
ယခုကျင်းပသည့် ပြပွဲသည် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် (၂၀)မြောက် အစည်းအဝေး အပြီးတွင် ပထမဆုံးကျင်းပသည့် စီးပွားရေးဆိုင်ရာ ပြပွဲလည်း ဖြစ်သည်။ ယခုပြပွဲတွင် သွင်းကုန်များကို အဓိကထား ပြသခြင်းဖြစ်သဖြင့် ပြည်ပမှပြပွဲအတွက် တင်သွင်းသည့် ပစ္စည်းများ အကြိမ်ရေ ၄၀၀၀ ကို တရုတ်နိုင်ငံအတွင်း လွယ်ကူစွာ တင်သွင်းနိုင်ရန် ရှန်ဟိုင်းအကောက်ခွန ်ဌာနက ဆောင်ရွက်ပေးခဲ့ပြီး စုစုပေါင်း တန်ဖိုးယွမ် ရှစ်ဘီလီယံ ကျော်လွန်ခဲ့ကြောင်း အောက်တိုဘာ ၁ ရက် က သတင်း ထုတ်ပြန်ထားသည်။ ပြပွဲကို ယနေ့မှ နိုဝင်ဘာ ၁၀ ရက် အထိ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။
Source: ဆင်ဟွာ
DOCA(ပြည်ထောင်စုနယ်မြေ)
