အမြတ်အစွန်းအနည်းငယ်ဖြင့် ရောင်းချနေသည့် နာမည်ကြီးဇီးချိုင်မျှင်ငပိ

Powered by Drupal

    ငပိအမျိုးအစားများစွာရှိသည့်အနက်မှ  ဇီးချိုင်မျှင်ငပိလို့ပြောလိုက်လျှင် ဧရာဝတီတိုင်း ဒေသကြီး၏ ထင်ရှားသောဘုရားတစ်ဆူဖြစ်သည့် မြတ်မော်တင်စွန်းဘုရားပွဲကျင်းပရာနေရာ တစ်ခုလည်းဖြစ်သလို ဘုရားဖူးခရီးသည်များ အနားယူအပန်းဖြေစရာကမ်းခြေတစ်ခုဖြစ်သည့် ငွေတောင်ကမ်းခြေတည်ရှိရာ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာမှပြုလုပ်သော မျှင်ငပိဆိုဆိုလျှင် လူအများက သိကြပေသည်။

    မျှင်ငပိတွင် ဂေါ်ရာ ၊ တိမ်ခိုး ၊ ဘန့်ဘွေး ဟူ၍ မျှင်အမျိုးအစား (၃)မျိုးရှိပါသည်။ ၎င်းမျှင်အမျိုး အစား (၃) မျိုးအနက်မှ ဘန့်ဘွေးမျှင်မှာ ပန်းနုရောင်အဆင်းရှိ၍ ငပိအသားမှာ နူးညံ့ချောမွေ့၍ အရသာကောင်းမွန်သောကြောင့် အကောင်းဆုံးမျှင်အမျိုးအစားဖြစ်သည်။ ဇီးချိုင် မျှင်ငပိမှာ အကောင်းစား ဘန့်ဘွေးမျှင်ဖြင့် ပြုလုပ်ထားသောကြောင့် ငပိအသားမှာ နူးညံ့ ချောမွေ့ခြင်း ၊ ဆိုးဆေးမပါဘဲ သဘာဝအတိုင်းပန်းနုရောင်ရှိခြင်း ၊ အရသာကောင်းမွန်ခြင်း ၊ ခေတ်မှီစက်ပစ္စည်း များကို အသုံးမပြုပဲ  သဘာဝနည်းလမ်းဖြင့်ပြုလုပ်ထားသောကြောင့် လူသိများပါသည်။

     အကောင်းစားမျှင်ငပိထွက်ရှိရာ ဇီးချိုင်မှာတော့ ယခင်နှစ်များနှင့်မတူဘဲ ယခုနှစ်တွင် မျှင်ငပိဈေးနှုန်း  မြင့်တက်လျှက်ရှိကြောင်း  ကြားသိရပါသည်။ မျှင်ငပိဝယ်ယူတင်ပို့ရောင်းချ သူများ အနေဖြင့် ယခင်နှစ်များကမျှင် ၁ တင်းလျှင် ကျပ် ၄၀၀၀၀/- မှ ကျပ် ၅၀၀၀၀/- အထိသာ ပေးဝယ်ရပြီး ၊ ငပိ ၁ ပိသာလျှင် ဒေသတွင်းပေါက်ဈေး သုံးထပ်ထောင်း ကျပ် ၇၀၀၀/-  ၊ လေးထပ်ထောင်း (အသင့်စားအိုးသိပ်) ကျပ် ၉၀၀၀/-  အထိသာရှိပြီး  အခြားဒေသမှ  ဝယ်ယူစားသုံးသူများအနေဖြင့်   အများဆုံးဈေးနှုန်း   ကျပ် ၁၃၀၀၀/-  အထိသာရှိခဲ့ပါသည်။

     ယခုနှစ် တွင် ဓာတ်ဆီ ၊ ဒီဇယ်ဆီ  ဈေးနှုန်းများမြင့်တက်မှု ၊ ဆက်စပ် သုံးစွဲရသည့် ကုန်ပစ္စည်း ဈေးနှုန်းများမြင့်တက်မှု ၊မျှင်အရ နည်းပါးမှု တို့ကြောင့် မျှင် ၁ တင်းလျှင် ကျပ် ၇၅၀၀၀/- အထိ  ပေးဝယ်ရပြီး  ၊  ငပိ ၁ ပိဿာလျှင် ဒေသတွင်းပေါက်ဈေး သုံးထပ်ထောင်းကျပ် ၁၂၀၀၀/- မှ ကျပ် ၁၃၀၀၀/- ၊ လေးထပ်ထောင်း (အသင့်စားအိုးသိပ်) ကျပ် ၁၆၀၀၀/- မှ ကျပ် ၁၈၀၀၀/- အထိရှိကြောင်း ၊  အခြားဒေသမှ ဝယ်ယူ သုံးစွဲသူများအနေဖြင့် ကျပ် ၂၀၀၀၀/- ကျော်အထိ ဝယ်ယူသုံးစွဲရသည့်အတွက် စားသုံးသူများအနေဖြင့် ယခင်နှစ်များ ကလောက် အများအပြား မဝယ်ယူနိုင်ပဲ အနည်းငယ်သာ ဝယ်ယူသုံးစွဲကြသည့်အတွက် ယခင်နှစ်များကလောက် အရောင်းအဝယ်မကောင်းကြောင်း ၊ ငပိဈေးနှုန်း မြင့်တက်နေသော်လည်း အမြတ်အစွန်းအနည်းငယ်သာ ရရှိကြောင်း ဒေသခံမျှင်ငပိ ဝယ်ယူတင်ပို့ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)