ဆိပ်ဖြူကြက်သွန်နီ မေလ(ဒုတိယပတ်) ဈေးနှုန်းဈေးကွက်နှင့်ကုန်စည်စီးဆင်းမှု

Powered by Drupal

 

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကုန်စည်ဒိုင်ကြက်သွန်နီဈေးကွက်သို့ မေလ (ဒုတိယပတ်)တွင် နွေကြက်သွန်နီ(ပင်စိုက်) အသစ်များဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင် ကုန်ချိန် ပျမ်းမျှပိဿာ(၂)သောင်းခန့် ဝင်ရောက်ကြောင်း၊ ဒေသတွင်းကြက်သွန်နီ အများဆုံးစိုက်ပျိုးသော ဆိပ်ဖြူမြို့ပေါ်ရှိ ရွာသစ်၊ အနောက်ပိုင်းရပ်ကွက်များနှင့် ကိုးတောင့်အုပ်နှင့် လိပ်ခြံ၊ ရွာသစ်ကြီး၊ ကပိုင်၊ ကံတွင်း၊ ချင်တောင်၊ အောက်ဆိပ်၊ ကျောင်းရွာ၊ ကုန်းရွာများနှင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများမှ  အများဆုံးဝင်ရောက်မှုရှိပြီး တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၁)သိန်းခွဲခန့် ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

          ကြက်သွန်နီဈေးကွက်အနေဖြင့် မေလ(ဒုတိယပတ်)တွင် ဈေးအနည်းငယ်ကျဆင်း၍ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ နွေကြက်သွန်နီ(ပင်စိုက်)(ဂျွန်)တစ်ပိဿာလျှင် အမြင့်ဈေး (ထိပ်စရှယ်) ကျပ်(၂၀၀၀)၊ အလတ်စ ကျပ်(၁၈၀၀)၊ အသေးစ ကျပ်(၁၆၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခင်မတ်လ(တတိယပတ်)တွင် ထိပ်စအမြင့်ဈေး ကျပ်(၂၁၅၀)၊ အလတ်စ ကျပ်(၁၈၀၀)၊ အသေးစ ကျပ်(၁၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

          ယခင်မေလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ယခုမေလ(ဒုတိယပတ်)တွင် အမြင့် ဈေး(ထိပ်စ) ကျပ်(၁၅၀)ကျဆင်းပြီး၊ အလတ်စနှင့် အသေးစမှာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဈေးအနည်းငယ်ကျဆင်းရခြင်းမှာ ပြည်ပဝယ်လိုအားဈေးကွက်နည်းခြင်းကြောင့် ဈေးနှုန်း ကျဆင်းသွားကြောင်း သိရှိရပါသည်။

          ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များ နှင့် မြဝတီ၊ မော်လမြိုင် မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ် ပြည်ပနိုင်ငံများသို့ စုစုပေါင်းကုန်ချိန်ပိဿာ(၂)သိန်းခန့်၊ တန်ချိန် အားဖြင့် တန်(၃၂၇)ခန့်  ကုန်စည်စီးဆင်းခဲ့ကြောင်း ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)