၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆိပ်ဖြူမြို့နယ် ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

Powered by Drupal

           မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် ဧရာဝတီမြစ်နှင့် ယောချောင်းဆုံရာ တည်ရှိရာဒေသဖြစ်ပါသည်။ မြစ်ရေဝင်ဒေသဖြစ်သောကြောင့် ဆောင်းသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး ဒေသစီးပွားဖြစ်လုပ်ကိုင်ကြသည်။ သီးနှံမျိုးစုံစိုက်ပျိုးခြင်းမှ ဒေသခံတောင်သူများ အတွက် အကျိုးအမြတ်များပြီး တွက်ခြေကိုက်သည့် ကြက်သွန်နီကို ဆိပ်ဖြူတစ်နယ်လုံးနီးပါး ဒေသစီးပွားဖြစ် စိုက်ပျိုးကြသည်။ ကြက်သွန်နီစိုက်ပျိုးရေးသည် မဖြစ်မနေ စိုက်ပျိုးလုပ်ကိုင်ရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး မြို့နယ်အတွင်း ကြက်သွန်နီကို စိုက်ဧကအများဆုံး စိုက်ပျိုးကြသည်။

          ကြက်သွန်နီစိုက်ပျိုးမှုအနေဖြင့် မိုးစိုက်(ဥစိုက်)နှင့် ဆောင်းစိုက်(ပင်စိုက်)၊ မျိုးစေ့ပက်(ဥယူ) စိုက်ပျိုးမှုနှင့် မျိုးစေ့အနှံယူစိုက်ခင်းများကို ယောချောင်း၊ ချစ်ချောင်း၊ ဆူးလေကုန်းချောင်းနှင့် လယ်ကွဲမြေများ၊ ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကိုင်းကျွန်းမြေများတွင် ဒေသတွင်းနေရာအနှံ့အပြားစိုက်ပျိုးကြပြီး ရွှေဖလား ထိပ်မောက်အခွံထူမျိုးကို စိုက်ပျိုးကြသည်။ ဒေသစီးပွားဖြစ် ဆောင်းစိုက်(ပင်စိုက်) ကို စိုက်ဧကအများဆုံး စိုက်ပျိုးကြသည်။ ပြည်ပနိုင်ငံများမှ အဝယ်လိုက်၍ ကြက်သွန်နီဈေး ကောင်းမွန်ခြင်းကြောင့် စိုက်တောင်သူများ အကျိုးအမြတ်များစွာရရှိခဲ့၍ ယခုနှစ်တွင် စိုက်ဧကများ ပိုမိုတိုးချဲ့ စိုက်ပျိုးကြသည်။

          စိုက်ပျိုးမှုအနေဖြင့် ၂၀၂၁ - ၂၀၂၂ဘဏ္ဍာတွင် ကြက်သွန်နီ စိုက်ဧက(၆၂၀၄)စိုက်ပျိုးပြီး ကြက်သွန်နီပိဿာချိန် သိန်း(၃၀၀)ဝန်းကျင်ခန့်၊ တန်ချိန်အားဖြင့် (၄)သောင်းခန့်၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် စိုက်ဧက(၆၂၅၃)စိုက်ပျိုးပြီး ပျှမ်းမျှအထွက်နှုန်းပိဿာ တစ်ဧက(၅၀၀၀)ခန့် ထွက်ရှိ၍ တစ်မြို့နယ်လုံး ပိဿာချိန် သိန်း(၃၀၀)ကျော်၊ တန်ချိန်(၅)သောင်းခန့်၊ ယခုဘဏ္ဍာနှစ် ၂၀၂၃ -၂၀၂၄ တွင် စိုက်ဧက (၆၉၅၈)ဧကထိ တိုးချဲ့စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် ရာသီဥတု အနေအထားအရ တစ်ဧက ပျှမ်းမျှပိဿာ(၄၈၀၀)ခန့် ထွက်ရှိ၍ ပိဿာ သိန်း(၃၀၀)ကျော်၊ တန်ချိန်အားဖြင့် (၅)သောင်း ကျော်ခန့် ထွက်ရှိကြောင်း သိရှိရသည်။

တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်

          ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီ တစ်ဧက စိုက်ပျိုးလျှင် ကုန်ကျစရိတ်မှာ တောင်သူတစ်ဦး ချင်းအနေဖြင့် အလုပ်သမားဝင်ဆံ့သုံးစွဲမှု၊ သွင်းအားစုအမျိုးမျိုးနှင့် ပိုးသတ်ဆေးသုံးစွဲမှု၊ ရေသွင်း အကြိမ် ရေသုံးစွဲမှု မတူညီခြင်းကြောင့် တောင်သူတစ်ဦးလျှင် ယခင်နှစ် တစ်ဧက ကျပ် သိန်း(၃၀-၃၅) ယခုနှစ် ကျပ် သိန်း(၃၅-၄၀)ထိ ကုန်ကျကြောင်း၊ ကြက်သွန်နီ ပင်စိုက်တစ်ဧကအနေဖြင့် ပျှမ်းမျှ အထွက်နှုန်း ပိဿာ (၄၈၀၀)ခန့် ထွက်ရှိပြီး တစ်ပိဿာ ကျပ်(၂၀၀၀)ဈေးဖြင့် အနည်းဆုံးရောင်းချရပြီ ဆိုလျှင် ဝင်ငွေ မှာ ကျပ် (၉၆)သိန်းခန့်ရရှိပြီး ကျပ်(၅၆)သိန်းခန့် တစ်ဧက အကျိုးအမြတ်ဝင်ငွေရရှိနိုင်ပါသည်။

ကြက်သွန်နီဈေးနှုန်းဈေးကွက်

          ဈေးနှုန်းဈေးကွက်အနေဖြင့် ဘဏ္ဍာနှစ် ၂၀၂၀-၂၀၂၁ တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ထုတ်လုပ်မှုကုန်ကျစရိတ် ကျပ်(၅၀၀)ရှိပြီး ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် အနိမ့်ဈေး ကျပ်(၁၀၀)မှအမြင့်ဆုံးဈေး ကျပ်(၂၅၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ စိုက်တောင်သူများ အရှုံးပေါ်ခဲ့သည့်နှစ် ဖြစ်ပါ သည်။ ဘဏ္ဍာနှစ် ၂၀၂၁ - ၂၀၂၂ တွင် တစ်ပိဿာလျှင် ကျပ် (၅၀၀)မှ (၃၅၀၀)ထိ ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ၂၀၂၂ -၂၀၂၃ တွင် တစ်ပိဿာ ကျပ်(၁၅၀၀ - ၃၅၀၀) ဝန်းကျင်ဈေးဖြင့် ရောင်းချခဲ့ရပြီး ယခု ဘဏ္ဍာနှစ် ၂၀၂၃ -၂၀၂၄ တွင် လက်ရှိအချိန်တွင် ကြက်သွန်နီ ပင်စိုက်များ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်ချိန်တွင် တစ်ပိဿာကျပ်(၂၀၀၀) ဈေးဖြင့် ရောင်းချရ၍ တောင်သူများအတွက် အကျိုးအမြတ်များစွာ ရရှိပါသည်။ ယခုနှစ်တွင် ကြက်သွန်နီ တစ်ပိဿာ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ်(၁၂၀၀)ခန့်ဖြစ်ပါသည်။ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၁၅၀၀) အောက်ရှိ ဈေးနှုန်းဖြင့် ရောင်းချရမည်ဆိုလျှင် စိုက်တောင်သူများ အရှုံးပေါ်မည်ဖြစ်ပါသည်။ ကြက်သွန် နီဈေးနှုန်းဈေးကွက်မှာ ပြည်တွင်းမှထွက်ရှိသည့်ကြက်သွန်နီများကို ပြည်ပနိုင်ငံများမှ အဝယ်လိုက်၍ ဈေးကွက်ကောင်းမွန်ခြင်းကြောင့် ဈေးကောင်းရသဖြင့် ကြက်သွန်နီ စိုက်တောင်သူများ သုံးနှစ်ဆက် တိုက် အကျိုးအမြတ်များစွာရရှိနေကြကြောင်း သိရှိရသည်။

          မြို့နယ်အတွင်းမှ ထွက်ရှိသည့် ကြက်သွန်နီများကို လေဝင်လေထွက်ကောင်းပြီး အထားခံစေ ရန်အတွက် ဝါးကြမ်းဖြင့် ယက်ပြီး အထက်အောက်နှစ်ဆင့် ဆောက်လုပ်ထားသော သိုလှောင်ရုံများတွင် ကြက်သွန်နီ ပိဿာချိန် (၂)သောင်းမှ (၁)သိန်းအထိ သိုလှောင်ထားရှိကြောင်း၊ ၄ ပင် ၆ ပင် သိုလှောင်ရုံ တစ်လုံး တစ်နှစ်ငှားရမ်းခ ကျပ်သိန်း(၅၀)ခန့် ယခုနှစ်ပေါက်ဈေးရှိပြီး ကြက်သွန်နီသိုလှောင်ရာတွင် အခြားသီးနှံများနှင့် ရောနှောထားရှိခြင်းမပြုလုပ်၍ ဧပြီလမှအောက်တိုဘာလအထိ သိုလှောင် သက် တမ်း(၇)လခန့်ထိ ရှိပါသည်။

ကြက်သွန်နီတင်ပို့ဖြန့်ဖြူမှုအခြေအနေ

          ဆိပ်ဖြူမြို့နယ်တွင် နှစ်စဉ်ကြက်သွန်နီစိုက်ဧက (၆၀၀၀)ဝန်းကျင်ခန့် စိုက်ပျိုးပြီး တစ်မြို့နယ်လုံး ကြက်သွန်နီပိဿာချိန် သိန်း(၃၀၀)ဝန်းကျင်ခန့် ထွက်ရှိပါသည်။ ပြည်တွင်းဖြန့်ဖြူးမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ပွဲရုံနှင့် ပြည်၊ ပုသိမ်မြို့များသို့ အဓိကတင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန် အနေဖြင့် မြဝတီ၊ မော်လမြိုင်၊ မူဆယ်၊ မောင်းတောမြို့ ဝယ်လက်များမှတဆင့် ထိုင်း၊ တရုတ်၊ ဗီယမ်နမ်၊ လာအို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ ဆိပ်ဖြူမြို့မှ တိုက်ရိုက် မော်တော်ယာဉ်များဖြင့် တင်ပို့ ဖြန့်ဖြူးလျက်ရှိပါသည်။

          ဆိပ်ဖြူမြို့နယ်အနေဖြင့် ကြက်သွန်နီသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိပြီး ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုရရှိသည့်အပြင် နိုင်ငံ တော်အနေဖြင့်လည်း နှစ်စဉ်ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်၍ ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံခြားဝင်ငွေရရှိ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ပြု လျက်ရှိပါသည်။

DOCA(မကွေး)