“စိန်တစ်လုံးသရက်သီး စတင်ထွက်ရှိမှုနှင့် စျေးနှုန်းအခြေအနေ”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထား လုပ်ကိုင်ကြသော်လည်း ကျေးလက်နေတောင်သူများသည် နှစ်ရှည်သီးနှံဖြစ်သော သရက်သီးနှံကို ယာမြေနှင့်ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။သရက်စိုက်ပျိုးရာတွင် ဒေသနှင့် ကိုက်ညီပြီး အရည်အသွေးကောင်းမွန်သော မျိုးများကိုသာ ရွေးချယ်စိုက်ပျိုးလျက်ရှိပြီး တောင်သူအများစုသည် စိန်တစ်လုံးသရက်နှင့် ရွှေဟင်္သာသရက်မျိုးများကိုသာ အဓိကထားပြီး ကျယ်ကျယ်ပြန့် ပြန့် အများဆုံးစိုက်ပျိုးလာကြသည်။ သရက်စိုက်ပျိုးရာတွင် ယခင်ကအစေ့ပျိုးပင်များကိုသာ စိုက်ပျိုးကြပြီး အစေ့မှစိုက်ပျိုးသည့်အပင်သည် အသီးသီးရန်(၆-၈)နှစ်ခန့်ကြာမြင့်သောကြောင့် ယခုအချိန်တွင် သရက်စိုက်တောင်သူများသည် ခေတ်သစ်နည်းစနစ်ဖြင့် ကိုင်းကူးပျိုးပင်များကိုသာ အများဆုံး စိုက်ပျိုးကြပါသည်။ ၄င်းစိုက်ပျိုးနည်းမှာ (၃)နှစ်ခန့်အကြာတွင် အသီးသီးမြန်ခြင်း ၊ သရက်သီးများ အလုံးလှ၍စျေးကောင်းရရှိခြင်း ၊ အသေပျောက်နည်းပါးပြီး ကုန်ကျစရိတ် သက်သာသောကြောင့် ကိုင်းကူးပျိုးပင်များကိုသာ အဓိကထားစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ကိုင်းကူးပျိုးပင်စျေးနှုန်း အနေဖြင့် (၁)ပေမှ(၂)ပေအမြင့်ရှိသော ပျိုးပင်တစ်ပင်လျှင်(၅၀၀၀/-)ကျပ် နှင့် (၂)ပေ မှ (၃)ပေ အမြင့်ရှိသောပျိုးပင်တစ်ပင်လျှင်(၈၀၀၀/-)ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း ၊ အထွက်နှုန်းအနေဖြင့် စိုက်ပျိုးပြီး အပင်သက်တမ်းပေါ်မူတည်၍ အပင်သက်တမ်း(၃)နှစ်သားအရွယ် တစ်ပင် လျှင်သရက်သီး အရေအတွက်(၃၀၀)လုံးခန့် ထွက်ရှိကြောင်း ၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် သရက်သီးရာသီချိန်တွင် ဆေးဖြန်းခြင်း၊ မြေသြဇာကျွေးခြင်းနှင့် အိတ်စွပ်ခ၊အသီးခူးဆွတ်ခ စုစုပေါင်း (၇၀၀၀၀၀-၈၀၀၀၀၀)ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ သရက်သီးကို အိတ်စွပ်ခြင်းဖြင့် အရောင် အသွေးကောင်းမွန်ခြင်း၊ ပိုးမွှားအန္တရာယ်ကာကွယ်ခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ခြင်းနှင့် စျေးကွက်ကောင်းများရရှိကြောင်း၊ ယခုအချိန်တွင် စိန်တစ်လုံး သရက်သီးများ စတင်ထွင်ရှိနေပြီဖြစ်သော်လည်း ယခင်နှစ်ထက် အထွက်နှုန်းနည်းသည်ဟု သိရှိရကြောင်း၊ သို့သော် စျေးကွက်တွင် စျေးကောင်းရရှိသောကြောင့် သရက်သီး စတင်ထွက်ပေါ်ချိန်တွင် ပြည်ပစျေးကွက်ထက် ပြည်တွင်းစျေးကွက်ကိုသာ ရောင်းချလျက်ရှိကြောင်း၊ စိန်တစ်လုံးသရက်သီး အလုံးကြီး(၄၀)ပါ တစ်ဖာလျှင် (၃၆၀၀၀)ကျပ်၊ အလုံးသေး(၄၀)ပါ တစ်ဖာလျှင် (၃၂၀၀၀)ကျပ်စျေးရရှိပြီး လက်လီစျေးနှုန်းအနေဖြင့် အလုံးကြီး တစ်လုံးလျှင်(၁၀၀၀)ကျပ်၊ အလုံးသေး တစ်လုံးလျှင်(၈၀၀)ကျပ်စျေးအထိ ရောင်းချရပြီး အိတ်စွပ်သီး တစ်လုံးလျှင်(၁၂၀၀)ကျပ် စျေးနှုန်းရရှိကြောင်း သိရှိရပါသည်။“အရွက်မှာ လက်ဖက်၊အသီးမှာသရက်”ဆိုတဲ့ ဆိုရိုးစကားအတိုင်း စိန်တစ်လုံးသရက်သီးကို စားသုံးခြင်းဖြင့် အနံ့အရသာ ချိုမွှေးပြီး အသားနူးညံ့၍ အမျှင်ကင်းပြီး သီးလုံးပြင်ပ အရောင်မှာ ဝင်းဝါတောက်ပပြီး အထားခံခြင်းစသည့် ကောင်းခြင်းလက္ခဏာများရှိခြင်းတို့ကြောင့် ပြည်တွင်းစားသုံးမှုတွင်သာမက ပြည်ပနိုင်ငံများကပါ အကြိုက်များသောကြောင့် စိန်တစ်လုံး သရက်သီးနှံကို  ပိုမိုတွင်တွင်ကျယ်ကျယ် စိုက်ပျိုးသင့်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)