ပခုက္ကူမြို့မဈေးတွင် စပျစ်သီးနှင့်လိမ္မော်သီးများ အရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် သစ်သီးဝလံများဖြစ်သော ပန်းသီး၊ လိမ္မော်သီး၊ သရက်သီး၊ မာလကာသီး၊ ငှက်ပျောသီး၊ သကြားဖရဲသီးနှင့် စပျစ်သီးများ နေ့စဉ်ရောင်းချလျက်ရှိပါသည်။ အသီးများစွာရောင်းချလျက်ရှိရာ စပျစ်သီး၊ သကြားဖရဲသီးနှင့် လိမ္မော်သီးတို့မှာ ရာသီစာများအနက် ရောင်းအားအကောင်းဆုံးသစ်သီးများဖြစ်ကြောင်း၊ ယခုအချိန်အခါသည် ပူပြင်းသောနွေရာသီဖြစ်၍ ချွေးထွက်များခြင်းကြောင့် အရည်ရွှန်းသောသီးနှံများကို စားသုံးမှုများလျက်ရှိခြင်းကြောင့် အရောင်းအဝယ်သွက်နေကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

       ပခုက္ကူမြို့ပေါ်ရှိ သစ်သီးဈေးကွက်အနေဖြင့် သီးနှံအမျိုးအစား၊ အရွယ်အစား၊ အရည်အသွေးလိုက်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း၊ စပျစ်သီးတစ်ပိဿာလျှင် ကျပ်(၈၀၀၀-၁၂၀၀၀)၊ ပျားလိမ္မော်သီး(အသေး)တစ်ပိဿာလျှင် ကျပ်(၈၀၀၀-၁၀၀၀၀)နှင့် သကြားဖရဲသီးတစ်လုံးလျှင် ကျပ် (၂၀၀၀မှ ၄၀၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စပျစ်သီး၊ လိမ္မောသီးနှင့် သကြားဖရဲသီးများမှာ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ ပခုက္ကူဈေးကွက်သို့ အများဆုံးဝင်ရောက်လျက်ရှိကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)