တောင်ငူမြို့တွင် ရာသီပေါ်ရွှေဖရုံသီးများ စတင်ရောင်းချ

Powered by Drupal

     တောင်ငူမြို့၊ ဘုရင့်နောင်ဈေးတွင် ယခုကဲ့သို့သော မိုးဦးကျရာသီတွင်ပေါ်သည့် ရာသီစာရွှေဖရုံသီးများ စတင်ရောင်းချနေပြီဖြစ်ပါသည်။ ရွှေဖရုံသီးကို ချက်စား၍သော်လည်းကောင်း၊ ဝက်သားနှင့်ရောချက်စား၍သော်လည်းကောင်း ချက်ပြုတ်စားသောက်ပါက ခံတွင်းမြိန်ပြီး စားကောင်းသော ဟင်းတစ်ခွက်ဖြစ်ပါသည်။

       ရွှေဖရုံသီးများတွင် ကယ်လိုရီ၊ ပရိုတင်း၊ အဆီ၊ ကာဗွန်ဟိုက်ဒြိတ်၊ ဗီတာမင်အေ၊ ဗီတာမင်ကေတို့ပါဝင်သောကြောင့် ကျန်းမာရေးကိုအထောက်အကူပြုစေပါသည်။ ထို့ပြင် ရွှေဖရုံသီးများမှာ အသီးသာမက အရွက်ကိုလည်းစားသုံးနိုင်ပြီး ဖရုံစေ့ကိုလည်းလှော်၍ ဖရုံစေ့လှော်အဖြစ် စားသုံး၍ရသောကြောင့် ဖရုံသီးစိုက်ပျိုးခြင်းဖြင့် အကျိုးများစွာဖြစ်ထွန်းစေပါသည်။

       ၂၀၂၄ခုနှစ်၊ မေလ ဒုတိယပတ်တွင် ၈လက်မပတ်လည်ခန့်ရှိသော ရွှေဖရုံသီးတစ်လုံးအား ၄စိတ်ခွဲပြီး ၁စိတ်လျှင် ၁၀၀၀ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ဘုရင့်နောင်ဈေးတွင်ရောင်းချနေသော ရွှေဖရုံသီးများအား ရှမ်းပြည်နယ်မှ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း ဘုရင့်နောင်ဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ လေ့လာသိရှိခဲ့ရပါသည်။

DOCA(ပဲခူး)