ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ခရမ်းချဥ်သီးဈေးနှုန်း/ ဈေးကွက်အခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ဒေသထွက်ခရမ်းချဥ်သီးတချို့နှင့် ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဥ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    ခရမ်းချဥ်သီးများသည် ယခုအချိန်အခါကာလဖြစ်သည့် မိုးရာသီတွင် ဒေသထွက် ခရမ်းချဥ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုနည်းပါလာသည့်အတွက် ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် ခရမ်းချဥ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချရပါသည်။ အောင်ပန်းဒေသထွက် ခရမ်းချဥ်သီးများမှာ ရာသီမရွေး ဝယ်ယူစားသုံးနိုင်ပြီး အခွံလည်းထူ၍ အချည်အရသာနည်းသည့်အပြင် အလုံးအရွယ်အစား လှခြင်း၊ အထားခံခြင်းတို့ကြောင့် လူအများက ကြိုက်နှစ်သက်ကြပါသည်။ ကန့်ဘလူဒေသထွက် ခရမ်းချဥ်သီးများသည့် မိုးဦးကျစ မိုးစရွာလာလျှင် အသီးများ အထားမခံဘဲ ပုပ်လွယ်ပြီး ဈေးကွက်သို့ ဝင်ရောက်မှုနည်းကာ လူကြိုက်လည်းနည်းပါးကြောင်း၊ ယခုမေလ ဒုတိယအပတ်မှစ၍ ခရမ်းချဥ်သီးဈေးနှုန်းများ ထက်ဝက်မြင့်တက်လျက်ရှိလာကြောင်း သိရှိရပါသည်။

     ကန့်ဘလူမြို့၏ ခရမ်းချဥ်သီးဈေးနှုန်းအနေဖြင့် ယခင်ဧပြီလကုန်နှင့် မေလဆန်း ပထမအပတ်အထိ ထိုင်ဝမ်ခရမ်းချဥ်သီးဈေးမှာ တစ်ပိဿာလျှင် အလုံးအရွယ်အစားအလိုက် (၅၀၀/၇၀၀/၈၀၀/ ၁၀၀၀)ကျပ်ဈေးနှုန်းဖြစ်ခဲ့ပြီး ယခုမေလ ဒုတိယအပတ်နှင့် တတိယအပတ်တို့တွင် ထိုင်ဝမ် ခရမ်းချဥ်သီးဈေးမှာ တစ်ပိဿာလျှင် အလုံးအရွယ်အစားအလိုက် (၁၂၀၀/၁၅၀၀/၁၈၀၀/၂၀၀၀)ကျပ်အထိ ဈေးနှုန်းမြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ခရမ်းချဥ်သီး တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့် အထိ ဈေးနှုန်းမြင့်တက်ကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)