မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေစကြို၊ ကမ္မ၊ ရေပြာနယ်တို့မှ ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများ အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ယခု၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)၌ ကြက်သွန်နီကုန်စည်ဒိုင်တွင် ပခုက္ကူမြို့နယ်ရှိ ပခုက္ကူကျွန်း၊ ပေါက်၊ ယောနယ်ဒေသတို့မှ ကြက်သွန်နီများသာမက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပုလဲမြို့နယ်မှ ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှသိရှိရပါသည်။
မေလ(ဒုတိယပတ်)တွင် ယောကြက်သွန်နီဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၈၀၀-၁၉၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၅၀၀-၁၆၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၃၀၀-၁၄၀၀)ဖြစ်ပြီး ပုလဲကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၀၅၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၇၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၅၀၀)ဖြစ်၍ နေ့စဉ်ကုန်ချိန် ၄၀၀၀၀ပိဿာမှ ၁၀၀၀၀၀ပိဿာထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြို့မစည်ပင်ဈေးတွင်ရောင်းချနေသော ကြက်သွန်နီဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၂၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၈၀၀)ဖြစ်ပြီး တင်ပို့မှုအနေဖြင့် မြဝတီနှင့် မြန်မာပြည်အောက်ပိုင်းသို့ တင်ပို့နေကြောင်း ကြက်သွန်နီကုန်သည်များထံမှသိရှိရပါသည်။
DOCA(မကွေး)