၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ ဖွင့်လှစ်ပို့ချပေးသော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းတွင် စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။
ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဦးစွာပထမ မိတ်ဆက်ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်သူများအနေဖြင့် မိမိတို့ဌာနကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)နှင့် ရောထွေးနေတတ်ကြသောကြောင့် စားသုံးသူရေးရာဦးစီးဌာန(DOCA) နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တို့၏ ရည်မှန်းချက်တာဝန်များ၊ ဌာနနှစ်ခုမှ တာဝန်ခံဆောင်ရွက်လျက်ရှိသည့် ဥပဒေများနှင့် ပြည်သူများသို့ ဝန်ဆောင်မှုပေးနေသည့် မတူညီသော လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကွဲကွဲပြားပြားရှင်းလင်းနားလည်စေရန် သင်တန်းသူ/သားများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မိမိတို့ဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။ ဖြင့် အတည်ပြုပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ တက်ရောက်လာကြသော သင်တန်းသား/သူများတွင် အချို့က သင်တန်းပြီးလျှင် ကိုယ်ပိုင် လုပ်ငန်းများ လုပ်ကိုင်ကြမည့်သူများဖြစ်သဖြင့် လုပ်ငန်းရှင်ဟုဆိုနိုင်သော်လည်း တစ်ဖက်က ကြည့်လျှင် စားသုံးသူများပင်ဖြစ်ကြောင်း၊ စားသုံးသူတိုင်းတွင် စားသုံးသူအခွင့်အရေးများ ရှိကြောင်း၊ သို့ဖြစ်ပါ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များ၊ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားသောအချက်များ၊ စားသုံးသူအခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များ၊ အခွင့်အရေးများ နစ်နာဆုံးရှုံးခဲ့ပါက တိုင်းနှင့်ပြည်နယ်များရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)တွင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဥပဒေပါတားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပြီး သင်တန်းသူ/သားများကလည်း သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)