တောင်ငူခရိုင် ဖြူးမြို့နယ် နွေစပါးစံကွက်တွင် ပန်းတိုင်အထွက်နှုန်းထက် ကျော်လွန်

Powered by Drupal

      တောင်ငူခရိုင် ဖြူးမြို့နယ်သည် စစ်တောင်းမြစ်ဝှမ်း ရေတော်မိုးတော်ဒေသဖြစ်၍ မိုးစပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသကဲ့သို့ ပဲခူးရိုးမ တောင်ပေါ်ရှိ ဆည်ကြီးများ၊ ချောင်းပိတ်နှင့် အင်းအိုင်ရေများမှလည်း နွေစပါးများ အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ ပါသည်။

    ၂၀၂၄ခုနှစ် မေလ ၂၁ ရက်နေ့တွင် ဖြူးမြို့နယ်၊ ကျီးမနိုးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၉၉)၊ ဇေယျာသီရိကွင်း၊ ဦးပိုင်အမှတ်(၁၀/၁)တွင် တောင်သူလယ်သမားကြီး ဦးအောင်မင်းလှိုင်၏ လယ်မြေ (၁၅.၀၉)ဧကတွင် စိုက်ပျိုးထားသည့် စပါးမျိုးကွဲ YSR-2 မျိုးစေ့ထုတ်စိုက်ကွက်အား တာဝန်ရှိသူများက စံကွက်ရိတ်သိမ်းရာ တစ်ဧကပျှမ်းမျှအထွက်နှုန်း စပါးအစို ၁၅၈.၁၃ တင်း ထွက်ရှိ သဖြင့် အစိုဓါတ် ၁၄ ရာခိုင်နှုန်းသို့ အခြောက်ခံလျှင် ပန်းတိုင်အထွက်နှုန်းဖြစ်သော တစ်ဧက တင်း ၁၀၀ ထက် ကျော်လွန်ထွက်ရှိခဲ့ပါသည်။

     ဖြူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်အတွင်း နွေစပါး ၁၇၃၈၉ ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်ခဲ့ရာ အင်းအိုင်ရေဖြင့် (၄၀၉)ဧက၊ ချောင်းပိတ်ရေဖြင့် (၃၅၅၃)ဧက၊ ဆည်ရေဖြင့် (၁၃၄၂၇)ဧက၊ စုစုပေါင်း (၁၇၃၈၉)ဧကဖြင့် လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရပါသည်။

DOCA(ပဲခူး)