အညာမြေဒေသထွက်ကုန်မန်ကျည်းမှ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုရေးသို့

Powered by Drupal

           မန်ကျည်းပင်ကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် တွေ့ရှိနိုင်ပြီး ရာသီဥတုပူပြင်းသော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် မန်ကျည်းပင်ကို အများဆုံးတွေ့ရှိရသည်။ အမြင့်ပေ (၈၀)ခန့်ရှိပြီး ခိုင်ခန့်၍ အမြဲ စိမ်းလန်းနေသော သစ်မာပင်ဖြစ်သည်။ အိမ်ခြံမြေ၊ စည်းရိုးတန်းများ၊ ဥယျာဉ်ခြံမြေများ၊ လယ်ကွက် များတွင် မန်ကျည်းပင်ပေါက်များကို နေရာအနှံ့အပြားတွေ့ရှိရ၍ အပင်ပေါက်လွယ်သော သစ်ပင်ဖြစ်ပါသည်။ ရာသီအလိုက် အရွက်၊ အဖူး၊ အသီး၊ အပွင့်များဖြင့် အမြဲစိမ်းလန်းနေ၍ လူသားတို့အတွက် အရိပ်အာဝါသ ပေးနိုင်သည့်အပြင် တစ်ပင်လုံးအသုံးဝင်သည့် ဆေးဖက်ဝင်မန်ကျည်းပင် ဖြစ်ပါသည်။ မန်ကျည်းသီးသည် ပဲတောင့်ပုံသဏ္ဍန်ဖြစ်ပြီး အသီး၏အတွင်းသားမှာ စိမ်း၍ချဉ်ပြီး အမျှင်ဓါတ်များစွာပါဝင်သော အသားများက အစေ့ကိုငုံထားခြင်းဖြစ်ပြီး အသီးအနှစ်မှာ ချိုချိုချဉ်ချဉ်အရသာရှိပါသည်။ မြန်မာနိုင်ငံမှာ အလွယ်တကူရရှိပြီး တန်ဖိုးအားဖြင့်ဈေးသက်သာသော မန်ကျည်းသီးမှာ ဆေးဖက်ဝင်တဲ့ အစွမ်းသတ္တိများစွာပါရှိမှုကို လက်ခံသိရှိပြီး နေရာဒေသအနှံ့အပြား စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများတွင် ထည့်သွင်းသုံးစွဲမှုများလျက်ရှိသည်။ မန်ကျည်းသားအနှစ်ကို မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ ဟင်းလျာများတွင် မပါမဖြစ်သုံးစွဲမှုများ လျက်ရှိပြီး ကမ္ဘာ့နိုင်ငံအသီးသီး၌ ဟင်းပွဲများတွင်လည်း ထည့်သွင်းအသုံးပြုကြောင်း လေ့လာသိရှိရပါ သည်။

          ရာသီဥတုပူပြင်းသော နွေရာသီကာလများတွင် မန်ကျည်းသီးအနှစ်များအား ထန်းလျက်အချိုခဲများကို ရေဖြင့်ရောစပ်ပြီး မြေအိုးများဖြင့် ထည့်၍စိမ်ပြီး သဘာဝမန်ကျည်းဖျော်ရည်ပြုလုပ်ကာ ဒေသအနှံ့အပြား သောက်သုံးလျက်ရှိသည်။ နိုင်ငံတွင်းရှိ မြို့ပြကျေးလက်ဒေသများတွင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးများ ၌လည်း ရဟန်းသံဃာအရှင်သူမြတ်များနှင့် ရပ်နီးရပ်ဝေးဘုရားဖူး ဧည့်သည်များအား သဘာဝမန်ကျည်း ဖျော်ရည်ဖြင့် ကုသိုလ်ယူဒါနပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြသည်။ မန်ကျည်းမှည့်သည် သီးနှံများ ထဲတွင် ဓါတု ဆေးဝါးပါဝင်မှု အနည်းဆုံးသီးနှံဖြစ်၍ ဆေးဖက်ဝင်ပြီး ကျန်းမာရေးနှင့်ညီညွှတ်ခြင်းကြောင့် စားသုံးမှုများပြားလျက်ရှိပါသည်။

ပခုက္ကူမြို့၏ ဒေသထွက်ကုန် မန်ကျည်းဖျော်ရည်

              နိုင်ငံအတွင်း၌ မြို့ရွာတစ်ခုဖွံ့ဖြိုးတိုးတက်လာစေရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့ လိုအပ်သလို စိုက်ပျိုးရေးကို အခြေခံပြီး ခေတ်မီနည်းစနစ်များဖြင့် ဒေသထုတ်ကုန်မျိုးစုံ ထုတ်လုပ် ပြီး MSME စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည်လည်း အရေးပါပြီး မြို့ရွာ၏စီးပွားရေး မှာလည်း ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်းမှာလည်း မြင့်မားလာမည်ဖြစ်ပါသည်။ ပခုက္ကူမြို့ သည် စိုက်ပျိုးရေးအခြေခံပြီး ဒေသထုတ်ကုန်များစွာ ထွက်ရှိရာမှ မန်ကျည်း ကုန်ကြမ်းမှ တစ်ဆင့် တန်ဖိုးမြင့်ထုတ်ကုန် မန်ကျည်းဖျော်ရည်၊ မန်ကျည်းပုလိပ်၊ မန်ကျည်းသကြားလုံး၊ မန်ကျည်းခေါင်း လျှော်ရည်၊ မန်ကျည်းဆေးဆပ်ပြာများ ထုတ်လုပ်၍ ဒေသအနှံ့အပြားသို့ ဖြန့်ဖြူး လျက်ရှိပြီး ပခုက္ကူမန်ကျည်း ဖျော်ရည်ကို မသိသူရှားပါးသလောက် ပြည်တွင်းဈေးကွက်သို့ ထိုးဖောက် ဝင်ရောက်လျက်ရှိပါသည်။

              ယနေ့ခေတ်တွင် စားသုံးသူများမှ ကျန်းမာရေးအသိမြင့်မားလျက်ရှိပြီး သဘာဝသစ်သီးဖျော်ရည် မှရရှိသော အာဟာရဓါတ်ကို ကြိုက်နှစ်သက်ကြသည်။ သစ်သီးဝလံများစွာထဲမှ မန်ကျည်းမှည့်သည် သံဓါတ် များစွာပါဝင်ပြီး ခန္ဓာကိုယ်သို့ ကျရောက်မည့် ရောဂါမျိုးစုံကို ကာကွယ်ပေးသည့် ကျန်းမာရေးဆေးဖက်ဝင်သီးနှံတစ်မျိုးဖြစ်ပါသည်။ လူအများစုသည် သဘာဝလွန်ပြုပြင်ထားသော သကြားပါဝင်မှုများသော အချိုရည် များအစား ကျန်းမာရေးနှင့်ညီညွှတ်သည့် သစ်သီးဖျော်ရည်များကို ရှာဖွေပြီး သောက်သုံးမှု များ လာကြ၍ ဓါတုဆေး ဝါးကင်းစင်ပြီး သဘာဝမန်ကျည်းနှစ်ဖြင့် ပြုလုပ်ထားသော ပခုက္ကူမြို့၏ ဒေသထုတ်ကုန် မန်ကျည်းဖျော်ရည်ကို ဒေသအနှံ့အပြား လူမျိုးမရွေးကြိုက်နှစ်သက်စွာသုံးစွဲလျက်ရှိ၍ ဈေးကွက်၌ တွင်ကျယ်စွာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ သဘာဝမန်ကျည်းဖျော်ရည် ပုလင်းဘူးများကို ခေတ်မီ ဆန်းသစ်စွာဖြင့် ထုတ်ပိုးထားရှိပြီး တစ်ပုလင်းလျှင် ကျပ်(၅၀၀၀-၅၅၀၀)၊ တစ်ဘူးလျှင် ကျပ်(၈၀၀၀)ဈေး ရှိပြီး မြန်မာနိုင်ငံတဝှမ်း ဖြန့်ဖြူးရောင်းချလျက်ရှိပြီး လူတိုင်းကြိုက်နှစ်သက်သည့် ပခုက္ကူမြို့၏ အညာဒေသ ထုတ်ကုန် ဓါတုကင်းစင်ဆေးဖက်ဝင် မန်ကျည်းဖျော်ရည် ဖြစ်ပါသည်။

ပခုက္ကူ မန်ကျည်းဈေးကွက်

              မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိပြီး မိုးနည်း ရပ်ဝန်း အပူပိုင်းဒေသဖြစ်၍ မန်ကျည်းပင်များ မြေနေရာအနှံ့အပြားတွင် ပေါများစွာပေါက်ရောက်ရာ ဒေသဖြစ် ပါသည်။ ပခုက္ကူမြို့နှင့် ဆက်စပ်လျက်ရှိသော မြိုင်၊ ရေစကြို၊ ပေါက်၊ ဆိပ်ဖြူ၊ ဆော၊ ကျောက်ထု၊ ထီးလင်း၊ ဂန့်ဂေါ ယောနယ်ဒေသများတွင် မန်ကျည်းပေါက်ရောက် ဖြစ်ထွန်းမှုများ၍ မန်ကျည်းမှည့်များ ပေါများစွာ ထွက်ရှိသောဒေသများဖြစ်ပြီး ပခုက္ကူဈေးကွက်သို့ မန်ကျည်းအစေ့ပါ နှင့် အစေ့လွတ်များ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

              မန်ကျည်းမှည့် ဈေးနှုန်းဈေးကွက်အနေဖြင့် ယခုနှစ်တွင် မန်ကျည်းအသီးတင်ရှိမှုနည်း၍ အထွက် နည်းခြင်းအပြင် ပြည်ပနိုင်ငံများမှလည်း အဝယ်လိုက်ခြင်းကြောင့် ဖေဖော်ဝါရီလ မန်ကျည်းမှည့်အသစ် ပေါ်ချိန်မှစ၍ ဈေးနှုန်းမြင့်တက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မန်ကျည်းမှည့်ကို ဒေသတွင်း စားသုံး သူများမှ လက်လီဝယ်ယူစားသုံးမှုများကြပြီး ပြည်ပနိုင်ငံများသို့ ကုန်ချိန်အများဆုံး တင်ပို့လျက်ရှိသည်။ ယခုနှစ်တွင် မန်ကျည်းမှည့် တစ်ပိဿာလျှင် အစေ့ပါလုံးတည်း ကျပ်(၂၅၀၀-၂၆၀၀)၊ မန်ကျည်းသား အစေ့ လွတ် တစ်ပိဿာလျှင် ကျပ်(၅၀၀၀-၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ် မန်ကျည်း ပေါ်ချိန် ဈေးကွက်တွင် မန်ကျည်းမှည့် တစ်ပိဿာလျှင် အစေ့ပါလုံးတည်း ကျပ်(၁၂၅၀-၁၃၀၀)၊ မန်ကျည်း သား အစေ့လွတ်တစ်ပိဿာ ကျပ်(၃၀၀၀-၃၅၀၀)ဈေး အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပခုက္ကူ မန်ကျည်း ဈေးကွက်သို့ ယခင်နှစ်က မန်ကျည်း ကုန်ချိန်ပိဿာ သိန်း(၃၀)ခန့် ဝင်ရောက်ခဲ့သော်လည်း ယခုနှစ်တွင် မန်ကျည်းအပွင့်အသီး လိုက်ချိန်တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် အသီးတင်မှုနည်း၍ မန်ကျည်းပိဿာ (၁၅)သိန်းခန့်သာ ဝင်ရောက်ကြောင်း မြို့ပေါ်ရှိ မန်ကျည်းသိုလှောင်ဖြန့်ဖြူးရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

          ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် မန်ကျည်းမှည့်များကို မြို့ပေါ်ရှိ လုပ်ငန်းရှင် ကြီးများမှ ဝယ်ယူသိုလှောင်ထားရှိပြီး ဒေသတွင်းလုပ်ငန်းရှင်များနှင့် ပြည်ပနိုင်ငံများသို့ ဖြန့်ဖြူးလျက် ရှိရာ ပခုက္ကူမြို့မှ ကျောက်ပန်းတောင်း၊ ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့လျက်ရှိပြီး ထိုမှတစ်ဆင့် ပြည်ပနိုင်ငံ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ပို့ကုန်အဖြစ်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

          မန်ကျည်းမှည့်သည် စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်ပြီး မန်ကျည်းတစ်ပင်လုံးမှာလည်း လူသား အားလုံးအတွက် အသုံးဝင်သည့် ဆေးဖက်ဝင်အပင်ဖြစ်ပါသည်။ မန်ကျည်းမှည့်ကို ပြည်တွင်း၌လည်း စားသုံး မှုများပြားလျက်ရှိပြီး စီးပွားရေးလုပ်ငန်းရှင်များမှလည်း စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများအပြင် မြန်မာ့တိုင်းရင်းဆေးဝါးများ ဖော်စပ်ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိ၍ ပြည်တွင်း MSME အသေးစားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ဒေသခံပြည်သူများမှလည်း အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိပြီး ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချရ၍  နိုင်ငံတော်အနေဖြင့်လည်း တဖက်တလမ်းမှ နိုင်ငံခြားဝင်ငွေ ရရှိသည့်အပြင် ပြည်တွင်းပြည်ပ ကုန်သွယ်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ မန်ကျည်းစိုက်ပျိုးသူများအနေဖြင့် အကျိုးအမြတ်များစွာရရှိသဖြင့် ဒေသအနှံ့အပြား အလွယ်တကူပေါက် ရောက်လွယ်သော မန်ကျည်းပင်ကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

DOCA(မကွေး)

 

 

 

 

 

 

 

 

 

 

 

 

 

DOCA(မကွေး)