မွန်ပြည်နယ် မုဒုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ ချောင်းပိတ်၊ မြောင်းပိတ်နှင့် အဇင်းဆည်၊ ဝင်းဖနုံဆည်ရေများဖြင့် နွေးစပါးစိုက်ဧက (၁၃၇၆) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် နွေစပါးစိုက်ပျိုးရာသီချိန်၌ တောင်သူများ၏ ကြိုးပမ်းစိုက်ပျိုးခြင်းကြောင့် လျာထားဧကထက် (၇၃၈) ဧကကို ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။ မုဒုံမြို့နယ်တွင် အများအား ဖြင့် စိုက်ပျိုးခဲ့သည့် သီးနှံများမှာ ပေါ်ဆန်းရင်၊ ဆင်းသုခ၊ မနောသုခ စသည့်စပါးမျိုးများကို စီးပွားဖြစ်စိုက်ပျိုးကြခဲ့ပြီး ဧပြီလဆန်းပိုင်းမှစတင်၍ စပါးများရိတ်သိမ်းခဲ့ရာ မေလ တတိယ အပတ်အထိ စိုက်ဧကအားလုံးကို ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီဖြစ်ကြောင်း၊ စပါးအထွက်နှုန်း ကောင်းမွန်စေရေးနှင့် ရိတ်သိမ်းခြွေလှေ့ရာတွင် လေလွင့်မှုမရှိစေရန် ရိတ်သိမ်းချိန်လွန် နည်းပညာပေးလုပ်ငန်းများကို တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မုဒုံမြို့နယ်သည် ရေခံမြေခံအခြေအနေ ကောင်းမွန်၍ စိုက်ပျိုးရေးကဏ္ဍတွင် ပိုမိုအ ဆင်ပြေပြီး လယ်ယာကုန်ထုတ်လမ်း၊ တံတားများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းနှင့် လက်ရှိအချိန်တွင် စပါးစျေးများ ကောင်းမွန်လာခြင်းတို့ကြောင့် ဒေသခံတောင်သူများအတွက် များစွာအကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
DOCA(မွန်)