မြန်မာနိုင်ငံ၏ ပဲဈေးကွက်အနာဂတ်

Powered by Drupal

     မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၊ တောင်အာရှနှင့် အရှေ့အာရှတို့၏ အချက်အချာကျသော နေရာတွင် တည်ရှိနေပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံ၊ မြောက်ဖက်တွင် တရုတ်နိုင်ငံ၊ အနောက်ဖက်တွင် ဘင်္ဂလားဒေ့ရှ့်နှင့် အိန္ဒိယနိုင်ငံတို့နှင့် ထိစပ်နေသည်။ ထို့အပြင် တောင်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်ရှိပြီး အိန္ဒိယသမုဒ္ဒရာနှင့်လည်း ထိစပ်နေပါသည်။

     မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံ၏မြောက်ဖက်၊ အရှေ့ဖက်နှင့် အနောက်ဖက်တို့တွင် တောင်တန်းများဝန်းရံလျက်ရှိသည်။ နိုင်ငံအတွင်းတွင် မြစ်ကြီး လေးစင်းရှိပြီး ဧရာဝတီ၊ ချင်းတွင်းနှင့် စစ်တောင်းမြစ်ဝှမ်းဒေသများတွင် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်နေကြကြောင်း သိရှိရသည်။

     မြန်မာနိုင်ငံသည် အဓိကအားဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ ပို့ကုန်အများစုမှာလည်း လယ်ယာထွက်ကုန်ပစ္စည်းများ ဖြစ်နေပါသည်။ အခြားပို့ကုန်များမှာ ရေနံထွက်ပစ္စည်းများ၊ သဘာဝဓာတ်ငွေ့နှင့် ကျွန်းသစ်၊ ကျောက်မျက်ရတနာနှင့် ရေထွက်ပစ္စည်းများ စသည်တို့ ဖြစ်ပါသည်။

    ထို့အပြင် မြန်မာနိုင်ငံတွင် အဓိကသီးနှံအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံတို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံး  ဖြစ်ကြောင်းလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်သော စာရင်းဇယားများအရ သိရှိရသည်။

     မြန်မာနိုင်ငံတွင် ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်းသိရှိရပြီး နိုင်ငံတစ်ဝန်း စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးပါသည်။ ပဲမျိုးစုံစိုက်ဧက၏ (၇၂%)ခန့်သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြသည်။

     မြန်မာနိုင်ငံသည် ပို့ကုန်အနေဖြင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို အများဆုံးတင်ပို့နေပြီး ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သော ပဲအမျိုးမျိုးကိုလည်း အိမ်နီးချင်းနိုင်ငံများလည်းဖြစ်ရ ဈေးကွက်လည်းကျယ်ပြန့်သော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ အဓိကထား တင်ပို့လျက်ရှိကြောင်း သိရသည်။

    အိန္ဒိယနိုင်ငံသည် ပဲမျိုးစုံကို အမြောက်အမြား စားသုံးပြီး စိုက်ပျိုးသူ ဖြစ်သော်လည်း ပဲအမျိုးမျိုး (ကုလားပဲ၊ ပဲနီလေး၊ မတ်ပဲ၊ ကုလားပဲလုံးနှင့် ပဲစဉ်းငုံ)တို့ကို အဓိကထား တင်သွင်း စားသုံးနေကြောင်း သိရှိရသည်။

     မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ပဲအမျိုးမျိုးကို အဓိကထား စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းတွင်လည်း စားသုံးသူဈေးကွက် အခိုင်အမာရှိလျက်ရှိကြောင်း သိရှိရသည်။ ပဲသည် မြန်မာလူမျိုးတို့၏ မရှိမဖြစ် အစားအစာထဲတွင် ပါဝင်ပြီး ပဲကို အမယ်မျိုးစုံ လုပ်စားကြသည်။ မြန်မာလူမျိုးတို့သည် ကုလားပဲ၊ မတ်ပဲ၊ စားတော်ပဲ၊ ပဲပုပ်နှင့် ပဲစဉ်းငုံတို့ကို အဓိကထားစားသုံးကြပြီး မြေထောက်ပဲ၊ ပဲထောပတ်၊ ပဲယင်းတို့ကိုလည်း နှစ်ခြိုက်စွာ စားသုံးကြသည်။

   ထို့အပြင် မြေပဲမှလည်း မြေပဲဆီအဖြစ် ထုတ်လုပ်စားသုံးနိုင်ပြီး ပြည်တွင်းစားသုံးဆီ ဈေးကွက်တွင် နေရာတစ်နေရာ အခိုင်အမာရထားသည်။ မြေပဲဆီသည် သန့်ရှင်းကြည်လင်ပြီး ကျန်းမာရေးနှင့်လည်း အထူးညီညွတ်ပါသည်။ မြေပဲကို ဆီအဖြစ်သာမက သရေစာအနေဖြင့်ပါ ပြည်တွင်းတွင် လူအများ နှစ်ခြိုက်စွာ စားသုံးကြပါသည်။

     မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲပုပ်၊ ကုလားပဲတို့သည် အာဟာရတန်ဖိုး မြင့်မားသာပဲများဖြစ်ကြပြီး ပြည်ပမှ ဝယ်လိုအား ရှိသည့်အတွက် ပြည်တွင်းတွင်အဓိကထား စိုက်ပျိုးသင့်သော ပဲအမျိုးအစားများလည်းဖြစ်သည်။ ပြည်တွင်းစားသုံးမှုအတွက် လုံလောက်‌အောင်သာမက ပြည်ပတင်ပို့မှုအတွက် ပိုလျှံအောင်ပါ စိုက်ပျိုးသင့်သည်။ နိုင်ငံ၏‌ ဘေးနှစ်ဖက်နှစ်ချက်တွင် ပဲစားသုံးသူ ထောင်ချီကျော်သော ဈေးကွက်ကြီး ရှိနေသည့်အတွက် မိမိတို့၏ ပဲလုပ်ငန်းရှင်များအနေဖြင့် လိုအပ်‌သော အရင်းအနှီးနှင့် နည်းပညာများကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည်။

DOCA(ပဲခူး)