
ယခုလို မိုးဦးကျ မေလလယ်ကာလတွင် သရက်ပင်များမှ သရက်သီးပင်မှည့်များ လှိုင်လှိုင် ပေါ်နေပြီဖြစ်ပါသည်။၂၀၂၄ခုနှစ် မေလနောက်ဆုံးပတ်တွင် သဲကုန်းမြို့နယ်တွင် ရိုးရိုးသရက်သီးမှည့် တစ်လုံး ၁၅၀-ကျပ်မှ ၂၀၀-ကျပ် နှင့် စိန်တစ်လုံး သရက်သီးတစ်လုံးလျှင် ၄၀၀-ကျပ်ဈေးရှိပါသည်။ သရက်သီးအစိမ်းထက် အမှည့်ကဈေးပိုရသလို သရက်သီးကို တန်ဖိုးမြှင့်ထုတ်လုပ်ပါက ထိုထက်ပို၍ အခွင့်အလမ်းနှင့် ဈေးကွက် ပိုမိုရရှိမည် ဖြစ်ပါသည်။
သရက်သီး၏ မျိုး၊ အနံ့၊ အရသာပေါ်မူတည်၍ အမှည့်ကိုထုပ်ပိုးပြင်ဆင်ကာ ပြည်ပပို့ကုန် ရသလို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် သရက်သီးအစိမ်းယို၊ အမှည့်ယို၊ သရက်ပြင်နှင့် သရက်သီးသနပ် ဟူ၍ (၄)မျိုးခန့် ထုတ်လုပ်နိုင်ပါသည်။ အစိမ်းယိုနှင့် သရက်သီးသနပ်ကိုမူ သရက်သီးအစိမ်းမှ ထုတ်လုပ်၍ အမှည့်ယိုနှင့် သရက်ပြင်ကို သရက်သီးအမှည့်မှ ထုတ်လုပ်ပါသည်။ သရက်သီးသနပ်ကို ကျွန်ုပ်တို့ ဘိုးဘွားများလက်ထက်မှ ပြုလုပ်ရောင်းချစားသုံးလာ၍ အထူးတလည်မဖေါ်ပြတော့ပါ။ သရက်ပြင်ပြုလုပ်ခြင်းနှင့် သရက်ယိုပြုလုပ်ပုံခြင်းတူ၍ သရက်ပြင်မှာမူ ယိုထိုး၍ ဖြန့်ခင်းကာ ခြောက်သွေ့အောင် (၂)ရက်ခန့် နေပူလှမ်းပေးရပါသည်။ တချို့ဆိုလျှင် သရက်ပြင်ကို နေလှမ်း၍ ခြောက်သွေ့လျှင်လေးထောင့် အချပ်လေးများလှီးဖြတ်ကာ အလိပ်ကလေးများလိပ်၍ ပလတ်စတစ်ဘူးထဲထည့်ပြီး လှပစွာထုပ်ပိုး ရောင်းချသည်ကိုတွေ့ရပါသည်။ သရက်ပြင်သည် ခြောက်သွေ့လျှင် တာရှည် အထားခံသော သဘာဝသွားရည်စာတစ်မျိုးလည်းဖြစ်ရာ စားသုံးရာတွင် အန္တရာယ်ကင်း လူကြိုက်များသောမုန့်တစ်ခုအဖြစ် ဈေးကွက်လည်းရရှိနိုင်ပါသည်။
မည်သို့ပင်ထုတ်လုပ်သည်ဖြစ်စေ ၊ ယခုလိုမိုးဦးကျကာလတွင် သရက်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချရန်အတွက် ကုန်ကြမ်းသရက်သီးများလည်း လှိုင်လှိုင်ပေါများသည့် အချိန်ကာလဖြစ်ပါသည်။ ထို့အတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးအတွက် ရာသီ ပေါ် သရက်သီးကို ယခုထက်မက တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဈေးကွက်ထဲတွင် နေရာယူနိုင်ရန်အတွက် ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)