ထိုင်းနိုင်ငံတွင် V8 Intertrading ကုမ္ပဏီအနေဖြင့် ယင်လပ်ရှင်နာဝပ်ထရာအစိုးရ၏ ဆန် အပေါင်ခံထားသည့် အစီအစဉ် (rice-pledging scheme) မှ ကျန်ရှိသော ဆန်တန်ချိန် ၁၅၀၀၀ ကို လေလံဈေး အမြင့်ဆုံးဖြစ်သည့် ဆန် (၁) တန်လျှင် ဘတ် ၁၉၀၇၀ ဖြင့် တင်ဒါအောင်မြင်ခဲ့ကြောင်း သိရှိရသည်။
လေလံပွဲ၏ ရလဒ်သည် အထင်ကြီးဖွယ်ကောင်းလှပြီး အစိုးရအတွက် အနည်းဆုံး ဘတ်ငွေ ၂၈၆ သန်း ရရှိမည်ဟု မျှော်လင့်ကြောင်း၊ အဆိုပါလေလံတင်ရောင်းချပွဲကို ဆန်အရောင်းအဝယ် ပါးချိန်တွင် စီစဉ်ကျင်းပခဲ့သည့်အတွက် လာမည့်နိုဝင်ဘာလတွင် ကျရောက်မည့် သီးနှံရာသီတွင် ဆန်ရောင်းချခြင်းကို ထိခိုက်စေမည်မဟုတ်ကြောင်း၊ ဆန်များကို ဂိုဒေါင်ထဲတွင် အချိန်ကြာမြင့်စွာ သိုလှောင်ထားသော်လည်း အရည်အသွေး ကောင်းမွန်သောဆန်များဟု အာမခံထားသော အစိုးရ ၏ ဆန်သိုလှောင်မှုအစီအမံများအပေါ် လေလံဆွဲသည့် ကုမ္ပဏီများအနေဖြင့် ယုံကြည်ကြသည်ကို လေလံဈေးနှုန်းမှ လှစ်ဟဖော်ပြနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဖြစ်သူ Phumtham Wechayachai က ပြောကြားခဲ့သည်။
ဆယ်စုနှစ်သက်တမ်းကြာ သိုလှောင်ထားသည့် နောက်ဆုံးဆန်ဟောင်းများရောင်းချမှုကို Public Warehouse Organisation (PWO) မှ ဦးဆောင်၍ ၁၇-၆-၂၀၂၄နေ့တွင် ကျင်းပခဲ့ရာ ကုမ္ပဏီ(၇)ခုအနက် (၆)မှ ပါဝင်၍ လေလံဆွဲခဲ့ကြောင်း၊ လေလံပွဲတွင် ရောင်းချသော အငြင်းပွား ဖွယ် ဆန်အပေါင်ခံထားသည့် အစီအစဉ်မှ လက်ကျန်ဆန်များမှာ ဆူရင်ပြည်နယ်ရှိ Kittichaiနှင့် Poolphol ဂိုဒေါင်များမှ ၁၀၀ ရာခိုင်နှုန်းပြည့် ထိုင်းစံပယ်ဆန်များဖြစ်ကြောင်း သိရှိရသည်။
V8 Intertrading ကုမ္ပဏီသည် Poolphol ဂိုဒေါင်မှ ဆန်ဟောင်းများအတွက် ဆန် လေလံစျေးနှုန်းကို ဘတ် ၆၄ သန်းဝန်းကျင်နှင့် Kittichai ဂိုဒေါင်မှ ဆန်ဟောင်းများအတွက် ဆန် လေလံဈေးနှုန်းကို ဘတ် ၂၂၂ သန်းဖြင့် အဆိုပြုခဲ့သည်။ လေလံဈေးနှုန်းများကို အသေးစိတ် ကြည့် မည်ဆိုပါက V8 Intertrading ကုမ္ပဏီမှ ဆန်တစ်တန်လျှင် ဘတ် ၁၉၀၇၀ ခန့် (တစ်ကီလိုလျှင် ၁၉.၀၇၀ ဘတ်) နှုန်းဖြင့် လေလံဈေးသတ်မှတ်ခဲ့ကြောင်း သိရှိရသည်။ လေလံအောင်သည့် ရလဒ် များ အားလုံးကို ၂၁-၆-၂၀၂၄ နေ့တွင် ကြေညာပြီးပါက V8 Intertrading ကုမ္ပဏီအနေဖြင့် ဝယ်ယူ မှု ပြီးမြောက်ရန်အတွက် PWO နှင့် ရက်ပေါင်း ၃၀ အတွင်း စာချုပ်ချုပ်ဆိုရမည်ဖြစ်သည်။
ထို့နောက် စံနှုန်းအမျိုးမျိုးနှင့် ကိုက်ညီရန်အတွက် ကုမ္ပဏီအနေဖြင့် ဆန်အရည်အသွေး မြှင့်တင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါဆန်များကို ပြည်တွင်းရောင်းချရန်အတွက် ထိုင်းနိုင်ငံ၊ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့တွင် လည်းကောင်း၊ ပြည်ပတင်ပို့ရန်အတွက် နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနတွင်လည်းကောင်း အသီး သီး ထောက်ခံချက်ယူရမည်ဖြစ်ကြောင်း Mr Phumtham က ပြောကြားခဲ့သည်။
Source: Bangkok Post, 18 June, 2024