အိန္ဒိယနိုင်ငံ၌ အရန်ဆန်သိုလှောင်ထားရှိမှုမှ တန်ချိန် ၁၇ သန်းမှ ၁၈ သန်း အထိ ပိုလျှံသည့်ပမာဏကို ၂၀၂၄-၂၅ ခုနှစ်အတွင်း ဈေးကွက်သို့ ဖြန့်ဖြူးရန်အတွက် အစိုးရသည် သက်ဆိုင်သူများ နှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။ အစိုးရ၏ ဈေးကွက်ဖြန့်ဖြူးမှု နည်းလမ်းများတွင် အများ ပြည်သူသို့ ဖြန့်ဖြူးသည့်စနစ်အောက်၌ အပိုခွဲဝေပေးခြင်း၊ ပွင့်လင်းမြင်သာသည့် ဈေးကွက် ရောင်းချမှု အစီအစဉ်ဖြင့် အပတ်စဉ် အီလက်ထရောနစ်လေလံဖြင့် ရောင်းချခြင်း၊ ပြည်နယ်များသို့ လက်လီဈေးနှုန်း အမြင့်ဆုံးဖြင့် တိုက်ရိုက်ရောင်းချခြင်းများ ပါဝင်ပါသည်။
အိန္ဒိယစားနပ်ရိက္ခာဝန်ကြီးဌာနသည် ၁၄-၆-၂၀၂၄ နေ့၌ အချို့သော ပို့ကုန်လုပ်ငန်းရှင်များ နှင့် ဆန်စက်ပိုင်ရှင်များနှင့် တွေ့ဆုံလျက် သဘောထားအမြင်များ ရယူခဲ့သည်။ အဆိုပါ တွေ့ဆုံမှု တွင် ဆန်ဖြူ (ကုန်ကြမ်း) တင်ပို့မှုအား တားမြစ်ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ပေးရန်နှင့် ဆန် ပို့ကုန်အပေါ် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်မှုကို ဖယ်ရှားပေးရန် ပို့ကုန်လုပ်ငန်းရှင်များက အစိုးရ သို့ တောင်းဆိုခဲ့ကြသည်။ ဆွေးနွေးမှုတွင်ပါဝင်ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက အစိုးရအနေ ဖြင့် လက်တွေ့ကျသည့် ဆန်ဈေးနှုန်းဖြစ်စေရန်နှင့် သီးသန့်ခွဲခြားထားသည့် စားသောက်ကုန် တစ်ခုအဖြစ် သတ်မှတ်ခြင်းမပြုရန် တိုက်တွန်းပြောဆိုခဲ့ကြကြောင်း၊ ပြည်နယ်အစိုးရများက စပါး ၁ ကီလိုဂရမ်လျှင် ၃၁ ရူပီးနှုန်းဖြင့် ဝယ်ယူနေချိန်၌ ဆန်စက်လုပ်ငန်းရှင်များမှ ဆန် ၁ ကီလိုဂရမ် လျှင် ရူပီး ၃၀ မှ ၃၅ အကြားနှုန်းဖြင့် ရောင်းချစေရန် မျှော်မှန်းချက်မှာ လက်တွေ့မကျကြောင်းဖြင့် ပြောဆိုခဲ့သည်။
Chhattisgarh ပြည်နယ်တွင် လယ်သမားများထံမှ စပါး ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၃၁၀၀ နှုန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် အာဏာရ BJP ပါတီအနေဖြင့် မကြာသေးမီက ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ မဲဆွယ်ကတိပေးခဲ့မှုနှင့်အညီ Odisha ပြည်နယ်တွင် လည်း အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ဖွယ်ရှိကြောင်း တင်ပို့သူများကပြောကြားခဲ့ပြီး အချိန်တိုအတွင်း အခြားပြည်နယ်များတွင်လည်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ဇွန်လ ၁ ရက်နေ့တွင် ဗဟိုအစိုးရ၏ အရန်ဆန်သိုလှောင်မှုမှာ တန်ချိန် ၅၀.၄၆ သန်း ရှိပြီး ယခင်နှစ် ကာလတူ၌ သိုလှောင်မှုတန်ချိန် ၄၁.၄၂ သန်းထက် ၂၁.၈ ရာခိုင်နှုန်း ပိုမိုလျက်ရှိခဲ့သည်။ အဆိုပါသိုလှောင်မှုတွင် မကြိတ်ခွဲရသေးသော စပါးတန်ချိန် ၁၇.၉၄ သန်းပါဝင်ပြီး ယခင်နှစ်က သိုလှောင်မှုထက် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
အစိုးရအနေဖြင့် အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအက်ဥပဒေ (NFSA) နှင့် အခြား သက်သာ ချောင်ချိရေး အစီအစဉ်များ၏ လိုအပ်ချက်ကို ပြည့်မီနိုင်ရေးအတွက် တစ်နှစ်လျှင် ဆန်တန်ချိန် သန်း၄၀ မှ ၄၁ သန်းအထိ သိုလှောင်ရန်လိုအပ်သည်။ စားနပ်ရိက္ခာ ရာရှင်ခွဲတမ်းကတ် ကိုင်ဆောင် ထားသူဦးရေ ၈၁ ကုဋေခန့်သည် တစ်လလျှင် ဆန် သို့မဟုတ် ဂျုံ ၅ ကီလိုဂရမ်ကို ရရှိခွင့်ရှိပြီး အစိုးရအနေဖြင့် အခမဲ့ ဖြန့်ဝေပေးခြင်းဖြစ်သည်။
လက်ရှိဝယ်ယူရေးရာသီ (အောက်တိုဘာလမှ စက်တင်ဘာလအထိ) တွင် ဆန်ဝယ်ယူမှု သည် မေလ ၃၁ ရက်နေ့အထိ တန်ချိန် ၅၀ သန်းကို ကျော်လွန်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် နောက်ဆုံးဝယ်ယူမှု စာရင်းပိတ်ချိန် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထို့ထက်ပိုမိုများပြားလာ နိုင်ကြောင်း တရားဝင်သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
အကယ်၍ အစိုးရအနေဖြင့် ပွင့်လင်းစွာ ရောင်းချခြင်းမပြုပါက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းများကို သွေဖည်ခြင်းမပြုဘဲ ဆန်များကို ဈေးကွက်ပို့ရန်အတွက် ရွေးချယ်စရာ အခွင့်အလမ်း နည်းပါးမည်ဖြစ်သည်။ သို့သော် နိုင်ငံခြားကုန်သွယ်မှု မူဝါဒလေ့လာဆန်းစစ်သူ S Chandrasekaran က WTO ၏ အစိုးရအထောက်အပံ့ ပေးအပ်မှုဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုက်ညီမှုသည် အဓိပ္ပါယ်ပြန်ဆိုမှုကိစ္စရပ်သာဖြစ်ပြီး ကန့်သတ်ချက်ဘောင်များအတွင်း စီမံခန့်ခွဲမှု ပြုနိုင်သည့် ပြဋ္ဌာန်းချက်များရှိကြောင်း ပြောဆိုသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အစိုးရအနေဖြင့် အပတ်စဉ် အီလက်ထရောနစ်လေလံဖြင့် ဆန်အမြောက်အမြား ရောင်းချရန် ကြိုးပမ်းခဲ့သည်။ ဈေးကွက်ဖွင့် ရောင်းချမှုအစီအစဉ်တွင် တစ်ပတ်လျှင် ဆန်တန်ချိန် ၂ သိန်းမှ ၆ သိန်းအထိ ရောင်းချပေးရန် ကမ်းလှမ်းမှုပြုခဲ့သော်လည်း ၈ လတာကာလအတွင်း စုစုပေါင်း ဆန်တန်ချိန် ၂ သိန်းအောက်သာ ရောင်းချနိုင်ခဲ့သည်။
Source: The Hindu Business Line, 14 Jun 2024