ထိုင်းနိုင်ငံ၊ စားသုံးသူကာကွယ်ရေးရဲတပ်ဖွဲ့သည် Samut Prakan ပြည်နယ်ရှိ သိုလှောင်ရုံ တစ်ခုကို ဝင်ရောက်စစ်ဆေးသည့်အချိန်တွင် ဘတ် ၁၈ သန်းတန်ဖိုးရှိသော ဗီယက်နမ်မှ တရား မဝင် နည်းလမ်းဖြင့် ဝင်ရောက်လာသည့် တုပထုတ်လုပ်ထားသောနို့မှုန့်များကို သိမ်းဆည်းခဲ့ပြီး ရွှေ့ပြောင်းလုပ်သား ၆ ဦးကို ဖမ်းဆီးခဲ့ပါသည်။ ၁၃-၆-၂၀၂၄ နေ့၌ မီဒီယာများနှင့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာတွင် ရဲမှူးချုပ် Witthaya Sriprasertparb က ထိုင်းစားသုံးသူကာကွယ်ရေး ရဲဌာနခွဲမှ အရာရှိများနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ အရာရှိများသည် Phra Pradaeng ခရိုင်၊ Bang Khru မြို့နယ်ရှိ သိုလှောင်ရုံတစ်ခုမှ နို့မှုန့်နှင့် အခြားဖြည့်စွက်အစားအစာ ၂ဝဝဝဝ ဘူးနှင့်အတူ သက်သေခံပစ္စည်း ၄၁ မျိုးအား သိမ်းဆည်းခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ထိုင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အင်တာနက်ဝက်ဘ်ဆိုက် တစ်ခု၌ နို့မှုန့်များကို အမေရိကန်နိုင်ငံရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အသိအမှတ်ပြုထားကြောင်းနှင့် နယူးဇီလန်နိုင်ငံတွင် အကောင်းဆုံးနံပါတ် (၁) နို့မှုန့်ရောင်းချနေ သူများဖြစ်ကြောင်း စသည့် ချဲ့ကားပြောဆိုထားသော အချက်အလက်များကို အသုံးပြု၍ ကြေညာ ထားသည်ကို စစ်ဆေးတွေ့ရှိပြီးနောက် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါကြော်ငြာ များသည် ထိုင်းနိုင်ငံအတွင်းရှိ လူမှုမီဒီယာစင်္ကြန်များတွင် ပျံ့နှံ့လျက်ရှိခဲ့ပါသည်။
ရဲဌာနမှ စုံစမ်းစစ်ဆေးသူများသည် Phra Pradaeng ရှိ သိုလှောင်ရုံတွင် ကွဲပြားခြားနား သော အမှတ်တံဆိပ် (၈) မျိုးပါရှိသည့် နို့မှုန့် ၁၂၆၂၅ ဘူး၊ ကလေးဖြည့်စွက်စာထုတ်ကုန်ပစ္စည်း ၁၇၇၆ ခု၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးပစ္စည်း အမယ် ၃၆၆ဝ နှင့် ဗီတာမင်ထုတ်ကုန် ၉၅ မျိုးတို့ကို တွေ့ရှိခဲ့ပါသည်။ အဆိုပါသိုလှောင်ရုံသို့ ဝင်ရောက်စီးနင်းစဉ်၌ ၎င်းပစ္စည်းများနှင့်အတူ တွေ့ရှိရသည့် လာအိုနှင့် မြန်မာနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမား ၆ ဦးကိုလည်း မှတ်ပုံတင် ထားခြင်းမရှိသော ထုတ်ကုန်များ ရောင်းချရာတွင် ပူးပေါင်းပါဝင်မှုနှင့် ခွင့်ပြုချက်မရှိပဲ အလုပ် လုပ်ကိုင်မှု စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ တရားမဝင်ကုန်စည်များ ရောင်းချမှုတွင် ဗီယက်နမ်နိုင်ငံသားများသည် ၎င်းတို့နိုင်ငံအတွင်းနေထိုင်လျက် နောက်ကွယ်မှ ပါဝင်ဆောင်ရွက် လျက်ရှိကြောင်း၊ ၎င်းတို့သည် နို့မှုန့်များကို တရားမဝင် တင်သွင်းသိုလှောင်ကာ အွန်လိုင်းမှ တစ်ဆင့်ရောင်းချရန်အတွက် အဆိုပါအဆောက်အဦများကို ငှားရမ်းထားခဲ့ကြောင်းဖြင့် ရဲမှူးကြီး တစ်ဦးဖြစ်သူ Veeraphong Khlaithong က ပြောကြားခဲ့ပါသည်။
စိတ်ပါဝင်စားသူများအနေဖြင့် အမည်၊ နေရပ် လိပ်စာနှင့် ဖုန်းနံပါတ်များကို အထက်၌ ဖော်ပြခဲ့သည့် ဝက်ဘ်ဆိုက်တွင် ဖြည့်သွင်းနိုင်ကြောင်း၊ ရောင်းချသူများသည် ဝယ်ယူရန် အလား အလာရှိသူများကို ထုတ်ကုန်၏ အရည်အသွေးများကို ယုံကြည်ပြီး ပိုမိုဝယ်ယူစေရန် ဖုန်းဖြင့် ဆွဲဆောင်သိမ်းသွင်းပြောဆိုကြကြောင်း၊ ၎င်းထုတ်ကုန်များကို လက်ခံရရှိပြီး သီတင်းပတ်နှစ်ပတ် သို့မဟုတ် သုံးပတ်အကြာတွင် အရောင်းကိုယ်စားလှယ်များက ဝယ်သူများသို့ ဆက်သွယ်၍ အသုံးပြုသည့်ရလဒ်များကို မေးမြန်းကာ ထုတ်ကုန်များကို ထပ်မံဝယ်ယူရန် အရောင်းကမ်းလှမ်း ကြကြောင်းနှင့် တစ်လလျှင် ဝယ်ယူသည့်ကုန်အမှာလွှာ ၃ဝဝဝ မှ ၆ဝဝဝ အထိရှိကြောင်း သိရှိ ရပါသည်။
အဆိုပါ နို့မှုန့်နှင့် အခြားဖြည့်စွက်ထုတ်ကုန်များကို တစ်ဘူးလျှင် ဘတ် ၁ဝ၉ဝ မှ ၁၁၉ဝ ဖြင့် ရောင်းချလျက်ရှိခြင်း ဖြစ်ပါသည်။ စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ နို့မှုန့်များကို ထုတ်လုပ် သည့် ဗီယက်နမ်လူမျိုးလုပ်ငန်းရှင်များသည် ထိုင်းနိုင်ငံသို့ တစ်လလျှင်တစ်ကြိမ် လာရောက်လည်ပတ် ၍ လုပ်ငန်းကို စစ်ဆေးလေ့ရှိကြောင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထောက်ခံထားခြင်းမရှိသောနို့မှုန့်များနှင့် စပ်လျဉ်း၌ ထိုင်းအာဏာပိုင်များ၏ သတိပေး ပြောကြား မှု အခြေအနေကိုလည်း စုံစမ်းလေ့ရှိကြောင်း သိရှိရပါသည်။
အကယ်၍ ၄င်းတို့၏ထုတ်ကုန်များသည် စုံစမ်းစစ်ဆေးခံရမည်ဟု သံသယရှိပါက ဥပဒေ ကြောင်းအရ အရေးယူခြင်း မခံရစေရန်အတွက် အဆိုပါ ဗီယက်နမ်လုပ်ငန်းရှင်များသည် ထုတ် ကုန်များကို အခြားသိုလှောင်သည့်နေရာများသို့ ချက်ချင်းရွှေ့ပြောင်းလိမ့်မည်ဖြစ်ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။
Source: Bangkok Post, 13 June 2024