မကွေးတိုင်းဒေသကြီး၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်ရွက်မှုများ

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် အကျိုး စီးပွားများကို ကာကွယ်ပေးရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက်ရှိသည့်အပြင် စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုများအား အချိန်တိုအတွင်း ကုစားဖြေရှင်းပေးနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်တို့၌ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)များ ဖွင့်လှစ်၍ တိုင်ကြားမှုများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးခြင်း၊ စားသုံးသူရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေးမြန်းစုံစမ်းနိုင်ရန်အတွက် Consumer Call Centerများဖွင့်လှစ်၍ ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။ ထို့အပြင် ၂၀၁၅ခုနှစ်မှစ၍ စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားများကိုလည်း ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ နေပြည်တော်၊ ပုသိမ်မြို့ကြီးများတွင် ကျင်းပလျှက်ရှိရာ ယခု၂၀၂၂ ခုနှစ်တွင် Covid-19 ကူးစက်ရောဂါဖြစ်ပွားနေသည့်အတွက် မြန်မာနိုင်ငံတဝှမ်းလူစုလူဝေးဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိခဲ့သော်လည်း တိုင်းဒေသကြီးပြည်နယ်အလိုက် အခြေအနေပေးမှုပေါ်မူတည်၍ ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားများ ဆောင်ရွက်ခဲ့ကြပါသည်။

        ၂၀၂၂ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ကို ကမ္ဘာ့တဝှမ်းရှိ စားသုံးသူများက“ညီညွတ်မျှတ ဒီဂျစ်တယ်ငွေကြေးကဏ္ဍ(Fair Digital Finance)ဟု သတ်မှတ်ထုတ်ပြန်ထားမှုအပေါ် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှလည်း (၁၅.၃.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀) နာရီမှစ၍ မကွေးတိုင်းအတွင်းရှိ ပုဂ္ဂလိကဘဏ်များ၊ ငွေကြေးဝန်ဆောင်မှုပေးနေသည့် Agent ဆိုင်များသို့ စားသုံးသူများအား မျှတမှုရှိသည့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်စေရန်နှင့် စားသုံးသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအား လုံခြုံစိတ်ချမှုရှိစေရန်တို့အတွက် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့်အသိပညာပေးမှုများကို ဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ အသိပေးဆောင်ရွက်ရာတွင် စားသုံးသူများ၏ ဘဏ်အကောင့်အချက်အလက်များ၊  Debit/ Credit Card၊ ဘဏ်ကဒ်နံပါတ်များနှင့် ဒီဂျစ်တယ်ငွေလွှဲ ဝန်ဆောင်မှုလုပ်ငန်းများ၏ ငွေလွှဲအချက်အလက်များဖြစ်သော လုပ်ငန်းစဉ်နံပါတ်၊ လျှို့ဝှက်နံပါတ်၊ OTP နှင့်PIN တို့ကို မည်သူတစ်ဦး တစ်ယောက်ကိုမှ မျှဝေခြင်းမပြုရန်၊ စားသုံးသူရေးရာဦးစီးဌာနသို့ ငွေကြေးဝန်ဆောင်မှုနှင့်ပတ်သက်သည့် တိုင်ကြားမှုအများစုတွင် ငွေလွှဲသူမှ ငွေလက်ခံသူသို့ ငွေကြေးလွှဲပြောင်းပေးပြီးနောက် ငွေလက်ခံမည့်သူက ထုတ်ယူခြင်းမပြုမီ လိမ်လည်သူများက ထုတ်ယူခဲ့သည့်အတွက် နစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာမှုများအား ဖြေရှင်းပေးခဲ့ရသည့်ဖြစ်စဉ်များရှိသည့်အတွက် စားသုံးသူများအနေဖြင့် ငွေလွှဲသည့်အခါ လျှို့ဝှက်နံပါတ်(၆)လုံးကို ခန့်မှန်းရလွယ်ကူသည့် နံပါတ်များ အသုံးမပြုစေရေး အသိပေးတိုက်တွန်းပြောဆိုပေးပါရန်၊ ကိုယ်ရေးအချက်အလက်များ၊ ငွေလွှဲအချက်အလက်ဖြစ်သော လုပ်ငန်းစဉ်နံပါတ်၊ လျှို့ဝှက်နံပါတ်၊ OTP နှင့် PIN တို့ကို လိမ်လည်သူများက အသုံးချနိုင်သည့်အတွက် လူမှုကွန်ယက်များပေါ်တွင် အသိပေးတင်ပြခြင်းမပြုရန်၊ ဒီဂျစ်တယ်စနစ်ဖြင့် အသုံးပြုသော ဘဏ်လုပ်ငန်း၊ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းတို့၏ Call Centerနှင့် အပြာရောင်အမှန်ခြစ် Blue Mark ရရှိထားသည့် Facebook Page တို့တွင်သာ မိမိသိရှိလိုသည့် အကြောင်းအရာများကိုမေးမြန်းရန်နှင့်၊ ဘဏ်လုပ်ငန်း သို့မဟုတ် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတို့၏ ဝန်ထမ်းအဖြစ် ဟန်ဆောင်၍ အခြားဖုန်းနံပါတ်များဖြင့် ခေါ်ဆိုလာပါက ကိုယ်ရေးအချက်အလက်များ၊ ငွေလွှဲအချက်အလက်များကိုအသိပေးပြောကြား ခြင်းမပြုရန်စသည့် အချက်အလက်များအား လုပ်ငန်းရှင်များသို့ချပြဆွေးနွေးပြီး မိမိတို့အနေဖြင့် စားသုံးသူတစ်ဦးချင်း အသိပေးဆွေးနွေးရန် စိန်ခေါ်မှုများရှိသည့်အတွက် လုပ်ငန်းရှင်များမှ ငွေကြေး ဝန်ဆောင်မှုရယူမည့် စားသုံးသူပြည်သူများသို့ တဆင့်ပြန်လည်မျှဝေပေးနိုင်ရန်လာရောက် အသိပေး ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်တို့လိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ကုန်ညွှန်းအမှတ်အသားဖော်ပြမှုတွင် မြန်မာဘာသာဖြင့် ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန် အသိပေးရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

     ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး  ဒေါ်အေးအေးမိုး ဦးဆောင်သော မကွေးခရိုင်အဖွဲ့နှင့် ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူခိုင် ဦးဆောင်သောအဖွဲ့တို့ဖြင့် အဖွဲ့(၂)ဖွဲ့ခွဲ၍ မကွေးမြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ်များ၊ ငွေကြေးဝန်ဆောင်မှုပေးနေသည့် Agent ဆိုင်များ၊ Shooping Mall များ၊ ကုန်စုံဆိုင်၊ စတိုးဆိုင်ကြီးများသို့ အသိပညာပေးဆွေးနွေးခြင်း၊ ပို့စကဒ်များဝေငှခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အလားတူ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူ ခရိုင်များမှ ဝန်ထမ်းများကလည်း  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးခြင်းများ၊ ပို့စကဒ်များ၊ လက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)