စတိုးဆိုင်၏ လုံခြုံရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှု အခြေအနေ

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် မိတ္ထီလာမြို့၊  ကျီတော်ကုန်းရပ်ရှိ စူပါစတိုးဆိုင်တစ်ဆိုင်သို့ သွားရောက်ခဲ့ရာ ဆိုင်ရှေ့တွင် ကားရပ်နားရန် နေရာမရှိသောကြောင့် စတိုးဆိုင်မှ ခန့်ထားသော လုံခြုံရေးဝန်ထမ်းများမှ ကားရပ်နားရန် အဆင်ပြေနိုင်မည့် စတိုးဆိုင်နှင့် ကပ်လျက်ရှိ အသေးစားအလတ်စား ချေးငွေဘဏ်ရှေ့သို့ ကားရပ် ခိုင်းခဲ့သည့်အတွက် ကားရပ်နားခဲ့ပြီး စတိုးဆိုင်အတွင်းသို့ ဝင်ရောက်၍ လိုအပ်သော ပစ္စည်းများဝယ်ယူပြီး မိနစ်(၃၀)အကြာ ကားသို့ပြန်ရောက်ချိန်တွင် ကားအတွင်းရှိ ငွေကျပ် ၁,၄၄၃,၆၀၀/-တန်ဖိုးရှိ ပစ္စည်းများအား ကားမှန်ကိုခွဲ၍ ယူဆောင်ခြင်းခံရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများကစိစစ်ရာတွင် ဖြစ်စဉ်မှာ စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်ခြင်းမရှိသော ပြစ်မှုဆိုင်ရာ ပစ္စည်းဖောက် ထွင်းမှုဖြစ်ခြင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူတိုင်ကြားမှုများနှင့်စပ်လျဉ်း၍ လက်ခံဖြေရှင်းဆောင်ရွက်မှုနှင့် အရေးယူမှုဆိုင်ရာ ညွှန်ကြားချက်အမှတ် (၂/၂၀၂၂) အပိုဒ် ၃၉ အရ စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်ခြင်းမရှိသော အခြားပြစ်မှုတစ်ရပ်ရပ်ဖြင့် ငြိစွန်းနေသဖြင့် တိုင်ကြားမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး အမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေအား ပြန်ကြားပေးနိုင်ပါရန် မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ညှိနှိုင်းအကြောင်းကြားခဲ့ရာ စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်နေကြောင်းနှင့် တရားခံအားဖမ်းဆီးရမိပါက ဥပဒေနှင့်အညီတရားစွဲဆိုတင်ပို့သွားမည်ဖြစ်ပါကြောင်း အကြောင်းပြန်ကြားလာသည့်အတွက် ညွှန်ကြားချက်အမှတ်(၂/၂၀၂၂) အပိုဒ် ၃၉ အရ    အမှုတွဲအား စနစ်တကျလွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါသောကြောင့် တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေးဥပဒေအရ အခြားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။