စစ်ကိုင်းမြို့နယ်ထွက် လူကြိုက်များသော လေခြူသီး (ခေါ်) တရုတ်ဆီးသီး

Powered by Drupal

    တရုတ်ဆီးသီးများသည် စစ်ကိုင်းမြို့နယ်တွင်  ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ၌ အဖူးအပွင့်များစတင်ဖူးကြပြီး မတ်လတွင် အသီးကင်းလေးများဖြစ်ပေါ်ကာ ဧပြီလနှင့် မေလတွင် တဖြည်းဖြည်းကြီးထွားလာသည်။ ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် လှိုင်လှိုင်ထွက်ရှိပြီး ခူးဆွတ်ရောင်းချကြပါသည်။ တရုတ်ဆီးသီးစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ သဲနုန်းဆန်သော မြေအမျိုးအစားဖြစ်ပြီး ၎င်းမြေ၌ ပိုမိုအောင်မြင်ဖြစ်ထွန်းကြောင်း၊  အပင်စိုက်ပျိုးပြီး  သုံးနှစ်/ လေးနှစ်ကြာမှသာ  အသီးများကို ခူးဆွတ်ရောင်းချနိုင်ကြောင်းသိရပါသည်။

       စစ်ကိုင်းမြို့ရှိခြံများနှင့် အိမ်များတွင် ဖောက်သည်ဈေးမှာ တစ်ပိဿာလျှင် ၃၀၀ဝိ/-၊ ၃၅၀ဝိ/-၊ ၄၀၀ဝိ/- ထိဖြင့်ဝယ်ယူပြီး လက်လီရောင်းလျှင် ၂၅ကျပ်သားတစ်စည်းကို ၂၀၀ဝိ/-နှုန်း၊ တစ်ပိဿာလျှင် ၇၀၀ဝိ/-နှုန်းဖြင့် ပြန်လည်ရောင်းချကြောင်း၊ စစ်ကိုင်းမြို့နယ်ထွက် တရုတ်ဆီးသီးများသည် အလုံးကြီးပြီး အသားထူ၍ အရသာမှာ အချိုလေးကြောင်းသိရပါသည်။

       မန္တလေးမြို့နေ ပြည်သူများက စစ်ကိုင်းမြို့နယ်ထွက် တရုတ်ဆီးသီးများသည်  သွေးအားကောင်းပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသည်ဟုယူဆပြီး  စစ်ကိုင်းမြို့သို့ လာရောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တချို့ရှိ အိမ်ခြံဝင်းအတွင်း  တရုတ်ဆီးသီးပင်များကိုစိုက်ပျိုးထားပြီး အပင်ပြတ်ဈေး ကျပ်နှစ်သိန်း / ကျပ်သုံးသိန်းဖြင့် ဝယ်ယူမှုလည်းရှိကြောင်း၊ နှစ်ရှည်သီးပင်ဖြစ်သောကြောင့် မိသားစုတစ်နိုင်တစ်ပိုင်အပိုဝင်ငွေရရှိသော သီးနှံဖြစ်ပြီး စစ်ကိုင်းမြို့နယ်ထွက် တရုတ်ဆီးသီးများသည် မြန်မာပြည်တစ်ဝန်းလုံး အလွန်နာမည်ကြီးပြီး လူကြိုက်များသော ရာသီပေါ် သီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)