![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၄၅_3.jpg?itok=N-2qOLek)
တရုတ်ဆီးသီးများသည် စစ်ကိုင်းမြို့နယ်တွင် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ၌ အဖူးအပွင့်များစတင်ဖူးကြပြီး မတ်လတွင် အသီးကင်းလေးများဖြစ်ပေါ်ကာ ဧပြီလနှင့် မေလတွင် တဖြည်းဖြည်းကြီးထွားလာသည်။ ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် လှိုင်လှိုင်ထွက်ရှိပြီး ခူးဆွတ်ရောင်းချကြပါသည်။ တရုတ်ဆီးသီးစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ သဲနုန်းဆန်သော မြေအမျိုးအစားဖြစ်ပြီး ၎င်းမြေ၌ ပိုမိုအောင်မြင်ဖြစ်ထွန်းကြောင်း၊ အပင်စိုက်ပျိုးပြီး သုံးနှစ်/ လေးနှစ်ကြာမှသာ အသီးများကို ခူးဆွတ်ရောင်းချနိုင်ကြောင်းသိရပါသည်။
စစ်ကိုင်းမြို့ရှိခြံများနှင့် အိမ်များတွင် ဖောက်သည်ဈေးမှာ တစ်ပိဿာလျှင် ၃၀၀ဝိ/-၊ ၃၅၀ဝိ/-၊ ၄၀၀ဝိ/- ထိဖြင့်ဝယ်ယူပြီး လက်လီရောင်းလျှင် ၂၅ကျပ်သားတစ်စည်းကို ၂၀၀ဝိ/-နှုန်း၊ တစ်ပိဿာလျှင် ၇၀၀ဝိ/-နှုန်းဖြင့် ပြန်လည်ရောင်းချကြောင်း၊ စစ်ကိုင်းမြို့နယ်ထွက် တရုတ်ဆီးသီးများသည် အလုံးကြီးပြီး အသားထူ၍ အရသာမှာ အချိုလေးကြောင်းသိရပါသည်။
မန္တလေးမြို့နေ ပြည်သူများက စစ်ကိုင်းမြို့နယ်ထွက် တရုတ်ဆီးသီးများသည် သွေးအားကောင်းပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသည်ဟုယူဆပြီး စစ်ကိုင်းမြို့သို့ လာရောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တချို့ရှိ အိမ်ခြံဝင်းအတွင်း တရုတ်ဆီးသီးပင်များကိုစိုက်ပျိုးထားပြီး အပင်ပြတ်ဈေး ကျပ်နှစ်သိန်း / ကျပ်သုံးသိန်းဖြင့် ဝယ်ယူမှုလည်းရှိကြောင်း၊ နှစ်ရှည်သီးပင်ဖြစ်သောကြောင့် မိသားစုတစ်နိုင်တစ်ပိုင်အပိုဝင်ငွေရရှိသော သီးနှံဖြစ်ပြီး စစ်ကိုင်းမြို့နယ်ထွက် တရုတ်ဆီးသီးများသည် မြန်မာပြည်တစ်ဝန်းလုံး အလွန်နာမည်ကြီးပြီး လူကြိုက်များသော ရာသီပေါ် သီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)