စားသုံးသူအခွင့်အရေးပြည့်ဝစွာရရှိဖို့ ပြည်သူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့

Powered by Drupal

             ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူပြည်သားတိုင်းသည် စားသုံးသူအခွင့်အရေးကို အပြည့်အဝ ခံစားခွင့်ရရှိနိုင်စေရန်၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန်၊ တိကျမှန်ကန် ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးခြင်းကို ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်သည် စားသုံးသူကာကွယ်ရေးဥပဒေကိုပြဌာန်း၍ ဥပဒေနှင့်အညီ စားသုံးသူပြည်သူများကို အကာအကွယ်ပေးနိုင်ရေးဆောင်ရွက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးကို အဓိကတာဝန်ယူဆောင်ရွက်လျှက် ရှိပါသည်။

               အပြည်ပြည်ဆိုင်ရာ စားသုံးသူကာကွယ်ရေးလှုပ်ရှားမှုအနေဖြင့် ၁၉၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ပြဌာန်းခဲ့သော အစားအသောက်နှင့်ဆေးဝါး သီးသန့်အက်ဥပဒေသည် စားသုံးသူကာကွယ်ရေး၏ မူလအစ ဆောင်ရွက်ချက်ဖြစ်ပါသည်။ ၁၉၆၀ခုနှစ် နောက်ပိုင်းနှစ်များတွင် ဥရောပနှင့် မြောက်အမေရိကတိုက်တို့မှ စားသုံးသူအကာအကွယ်ပေးရေးနှင့် ပတ်သက်၍ လှုပ်ရှားမှုများ စတင်ပေါ်ပေါက်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အမေရိကန် ကွန်ဂရက်၌ သမ္မတ John. F. Kennedy က စားသုံးသူအခွင့်အရေးများကို စတင်ဖော်ထုတ် အသိအမှတ်ပြုခဲ့ပါသည်။ ၁၉၇၀ ခုနှစ် နောက်ပိုင်းနှစ်များတွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ စီးပွားရေးနှင့်လူမှုရေးကောင်စီ၏ တောင်းဆိုချက်ကြောင့် စားသုံးသူကာကွယ်ရေး လှုပ်ရှားမှုသည် အပြည်ပြည်ဆိုင်ရာအဆင့်သို့ ရောက်ရှိခဲ့ပါသည်။ ၁၉၈၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှ ဆုံးဖြတ်ချက် အမှတ်(၃၉/၂၄၈)ဖြင့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာမူဝါဒ (၈)ခု ချမှတ်နိုင်ခဲ့ပါသည်။ အာဆီယံနိုင်ငံများအနေဖြင့်လည်း ၂၀၀၇ ခုနှစ်တွင် အာဆီယံစားသုံးသူကာကွယ်ရေးညှိနှိုင်းမှုကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၃ ခုနှစ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်၌ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနကို စတင်ဖွဲ့စည်းကာ စားသုံးသူကာကွယ်ရေးကို စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ လက်ရှိတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အောက်၌ စားသုံးသူရေးရာဦးစီးဌာန ဖွဲ့စည်းထားပြီး စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်လျှက် ရှိပါသည်။

           စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်အဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသော လုပ်ငန်းစဉ်ကိုဆိုသည်ဟု စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂ ၊ ပုဒ်မခွဲ(က)တွင်လည်းကောင်း၊  စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက် သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ အသုံးပြုခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုသည်ဟု ပုဒ်မခွဲ(ခ) တွင်လည်းကောင်း တိကျစွာအဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

             ကုန်ပစ္စည်းတစ်ခုကို ကိုယ်တိုင် စားသုံးရန် သို့မဟုတ် သုံးစွဲရန် ဝယ်ယူသူသည် လည်းကောင်း၊ တခြားသူတစ်ဦး၏ ပေးကမ်းထောက်ပံ့ခြင်း၊ မေတ္တာလက်ဆောင်ပေးခြင်း၊ လှူဒါန်းခြင်းကြောင့် စားသုံးခြင်း သို့မဟုတ် သုံးစွဲခြင်းပြုသူသည် လည်းကောင်း၊ ဝန်ဆောင်မှုတစ်ခုကို ကိုယ်တိုင် သုံးစွဲသူသည် လည်းကောင်း၊ တခြားသူတစ်ဦး၏ မေတ္တာဖြင့် ဝန်ဆောင်မှုရယူသူသည်လည်းကောင်း စားသုံးသူဖြစ်ပါသည်။ ပြည်သူတိုင်းသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို ကိုယ်တိုင်သုံးစွဲရန်ဝယ်ယူခြင်း၊ ရယူခြင်းပြုရစမြဲဖြစ်ပါသည်။ ထို့အတူ အခြားသူတစ်ဦးဦး၏ ပေးကမ်း ထောက်ပံ့ခြင်း၊ မေတ္တာလက်ဆောင်ပေးခြင်း၊ လှူဒါန်းခြင်းကြောင့်လည်း သုံးစွဲခြင်း၊ ဝန်ဆောင်မှု ရယူခြင်းများပြုကြပါသည်။ ထို့ကြောင့်ပြည်သူတိုင်းသည် စားသုံးသူဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် စားသုံးသူဖြစ်သည်ဟု ဆိုရပါမည်။

          စားသုံးသူသည် မိမိဝယ်ယူစားသုံးသည့် အစားအသောက်၊ သုံးစွဲသည့် အသုံးအဆောင် ပစ္စည်း၊ ရယူသည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စိတ်ကျေနပ်မှု ရရှိစေရပါမည်။ မိမိပေးလိုက်ရသော တန်ဘိုးနှင့် ညီမျှသည့် ကုန်စည်၊ မိမိပေးလိုက်ရသည့် တန်ဘိုးနှင့်ထိုက်တန်သော ဝန်ဆောင်မှုကို ရရှိစေရပါမည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းစွာ အသုံးပြုခွင့် ရရှိစေရ ပါမည်။ အန္တရာယ်ရှိနိုင်မှန်း သိလျက်နှင့် သုံးစွဲခြင်း၊ ဆောင်ရွက်ခြင်းမျိုး မဖြစ်စေရပါ။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် လိုအပ်သော သတင်းအချက်အလက်များကို ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့် ရှိရပါမည်။ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားသောကုန်စည်၊ သတင်းအချက်အလက်များ မှန်ကန်စွာ အသိပေးထားသည့် ကြော်ငြာများပါသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူခွင့်ရှိရပါမည်။ ပြေစာ၊ အာမခံကတ်ပြား စသည့်အထောက်အထားများ ရယူခွင့်လည်းရှိရပါမည်။ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့်ရှိရပါမည်။

          ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရှိရပါမည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ ကုစားခွင့်ရှိရပါမည်။ ကုစားခွင့်ဆိုသည်မှာ ဥပဒေပါစကားရပ်ဖြစ်ပါသည်။ မိမိနစ်နာဆုံးရှုံးမှုအတွက် လုပ်ငန်းရှင်မှ ပြန်လည် ပြင်ဆင်ပေးစေခြင်း၊ အစားထိုးပေးစေခြင်း၊ ဆုံးရှုံးမှုတန်ဘိုးနှင့်အညီ ငွေပြန်လည်ပေးစေခြင်းတို့ကို ပြုလုပ်ပေးစေခွင့်ရှိရပါမည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့် ရှိရပါမည်။ ပစ္စုပ္ပန်တွင် သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေရပါမည်။

          စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရပါမည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဘိုးနှင့်အညီ ပေးချေရပါမည်။ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ရပါမည်။ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြည်ရပါမည်။

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် စားသုံးသူများ နစ်နာ ဆုံးရှုံးမှုဖြစ်စေမည့် ကုန်စည်များ မရှိစေရေး ဈေးကွက်စောင့်ကြည့်လေ့လာခြင်းများကို အဓိကထား ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိနိုင်စေရန်အတွက် နိုင်ငံတစ်ဝှမ်း ဟောပြောပွဲများကျင်းပ၍ ဆောင်ရွက်နေစဉ် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားလာသဖြင့် လူစုလူဝေးဖြင့်ပြုလုပ်ရသည့် ဟောပြောပွဲများကို ရပ်နားခဲ့ရပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ အသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့်သာ ဆောင်ရွက်ခဲ့ရပါသည်။

            စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို အခမ်းအနားဖြင့် ဆောင်ရွက်ခြင်း မပြုနိုင်သော်လည်း စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများသို့ အရောက်သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်ခဲ့ပါသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် စစ်ဆေးရေးအရာရှိများခန့်အပ်ပြီး ရုံးချုပ်မှစနစ်တကျ လေ့ကျင့်သင်တန်းပေးကာ ဈေးကွက်အတွင်း ရှိကုန်စည်များတွင် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်စေမည့် ကုန်စည်များမရှိစေရေး ဈေးကွက် စောင့်ကြည့်လေ့လာခြင်းများကိုလည်း အရှိန်အဟုန်မပျက် ဆောင်ရွက်လျှက်ရှိပါသည်။

           စားသုံးသူအခွင့်အရေးများနှင့်ပတ်သတ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီဆောင်ရွက်ပေးသကဲ့သို့ စားသုံးသူပြည်သူများကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါသည်။ သို့မှသာ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏စားသုံးသူအခွင့်အရေးများကို ထိရောက်မှန်ကန်စွာ ရရှိနိုင်မည်ဖြစ်ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၉) ပုဒ်မ ၄၄ တွင် စားသုံးသူပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် အခွင့်အရေးပေးထားပါသည်။ ပုဒ်မ ၄၄ အရ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ အစည်း တစ်ခုခုသည် စားသုံးသူနစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ကို တိုင်ကြားလိုပါက လူကိုယ်တိုင် သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်း တစ်ခုခုဖြင့်သော်လည်းကောင်း သက်ဆိုင်ရာ ဦးစီးမှူးရုံးသို့ သက်သေအထောက်အထားနှင့်အတူ တိုင်ကြားနိုင်ပါသည်။ ထိုသို့တိုင်ကြားရာတွင် နစ်နာသည့် စားသုံးသူကိုယ်တိုင်သော်လည်းကောင်း၊ နစ်နာသည့်စားသုံးသူ၏ မိသားစုဝင်များက သော်လည်းကောင်း၊ နစ်နာသည့်စားသုံးသူနှင့် ဆက်နွယ်သော ပုဂ္ဂိုလ်များကသော်လည်းကောင်း၊ အစိုးရဌာန အဖွဲ့အစည်းများကသော်လည်းကောင်း၊ စားသုံးသူဆိုင်ရာအသင်းအဖွဲ့များကသော်လည်းကောင်း တိုင်ကြားနိုင်ပါသည်။

        စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ အလွယ်တကူ တိုင်ကြားနိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center - CICC) ကို ဖွင့်လှစ်ထားရှိပါသည်။ စားသုံးသူပြည်သူများသည် လူကိုယ်တိုင်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့်သော်လည်းကောင်း တိုင်ကြားနိုင်ပါသည်။ CICC များက လိုအပ်သော အချက်အလက်များ ဖြည့်သွင်းခြင်း၊ အထောက်အထားများ ယူခြင်းများ ဆောင်ရွက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြမည်ဖြစ်ပါသည်။ ထို့အတူ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www .doca .gov .mm သို့လည်း ဝင်ရောက်၍ တိုင်ကြားနိုင်ပါသည်။

           သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးသည် စားသုံးသူတိုင်ကြားလာမှုနှင့် ပတ်သက်၍ လိုအပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်းများကို ဆောင်ရွက်မည်ဖြစ်ပါသည်။ ဦးစီးမှူးရုံးများ၏ စီမံခန့်ခွဲ ပိုင်ခွင့်ကို ကျော်လွန်သော ဖြစ်စဉ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူရေးရာ ကော်မတီများသို့ ဆက်လက်တင်ပြမည်ဖြစ်ပါသည်။ စားသုံးသူများ နစ်နာဆုံးရှုံးစေမှုအတွက် လိုအပ်ပါက တရားစွဲဆိုသည်အထိ ဆောင်ရွက်မည်ဖြစ်ပါသည်။

         သို့ဖြစ်ပါ၍ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏ နစ်နာဆုံးရှုံးမှုများကိုသော်လည်းကောင်း၊ စားသုံးသူ နစ်နာဆုံးရှုံးမှုရှိကြောင်း သိရှိရလျှင်သော်လည်းကောင်း စားသုံးသူရေးရာဦးစီး ဌာနသို့ သတင်းပေးတိုင်ကြားခြင်းဖြင့် မိမိတို့၏ စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိစေရေး အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ စားသုံးသူပြည်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

DOCA(ပဲခူး)