ပခုက္ကူဒေသထွက် “အမယ်သစ်နှမ်းဖတ်ချဉ်ကြော်”လုပ်ငန်းအား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူများ ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များကိုရွေးချယ်ဝယ်ယူနိုင်သည့် အခွင့်အရေးများပိုမိုရရှိလာစေရေး၊  မိမိတို့အခွင့်အရေးကိုသိရှိပြီး မိမိကိုယ်မိမိကာကွယ်နိုင်ရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် ဘေးကင်း လုံခြုံသည့် ကုန်စည်များထုတ်လုပ်လာစေရန် ရည်ရွယ်၍  တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်သောအဖွဲ့သည် ၂၀၂၂ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန် တွင် ပခုက္ကူမြို့၊ ရွှေချောင်းကွက်သစ်ရပ်ကွက်ရှိ ဒေသတွင်းစားသောက် ကုန်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော "ဆင်ချောင်း အရီးချို" စားသောက်ကုန်လုပ်ငန်း၏ အမယ်သစ်ဖြစ်သော နှမ်းဖတ်ချဉ်ကြော်ထုတ်လုပ်မှုလုပ်ငန်းအား သွားရောက်လေ့လာမှုနှင့်အတူ စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့အသိပညာပေးဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်အနေဖြင့် စားသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်း၊ ကုန်စည် (သို့) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုများ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူပိုင်ခွင့်များ၊  တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းသိရှိစေရန် အသေးစိတ်ဆွေးနွေးခဲ့ပါသည်။

          ဒု-ခရိုင်ဦးစီးမှူးမှ အသိပညာပေးဆွေးနွေးရာတွင် ကုန်အမှတ်တံဆိပ်များအား ဈေးကွက် အတွင်းဖြန့်ဖြူးရောင်းချရာတွင် စိစစ်ခွင့်ပြုချက်ရရှိထားသည့်အတိုင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ရောင်းချရမည်ဖြစ်ကြောင်း၊ စစ်ဆေးရေးအရာရှိများမှ ဈေးကွက် အတွင်းကွင်းဆင်းရာတွင် စိစစ်ခွင့်ပြုချက်ရရှိပြီးဖြစ်သော အမှတ်တံဆိပ်များမှာ သတ်မှတ်ချက်များ နှင့်အညီ ရောင်းချမှုမရှိပါက ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များ ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ် ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ထပ်မံထုတ်လုပ်မည့် စားသောက်ကုန်အမျိုးအမည်များတွင် လည်း ယခုစိစစ်ခွင့်ပြုချက်ရယူထားသည့်အတိုင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့် သွင်း၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာပါက စားသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးသို့ တိုင်ကြားနိုင်မည့်နည်းလမ်းများအား အသိပေးရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ အသိပညာပေးဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်တံဆိပ် စိစစ်ခွင့်ပြုချက်ရရှိခြင်းအတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ လုပ်ငန်းရှင်နှင့် လုပ်သားများလည်းရှေ့ဆက်လက်၍ ယခုလိုပဲ အရည်အသွေးကိုထိန်း၍ စိတ်တူကိုယ်တူ လုပ်ဆောင် စေလိုကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး "ဆင်ချောင်း အရီးချို"စားသောက်ကုန်လုပ်ငန်းမှ အမယ်သစ်ထုတ်လုပ်လိုက်သည့် နှမ်းဖတ်ချဉ်ကြော် ထုတ်လုပ်မှုအား လေ့လာရာတွင် ကုန်ကြမ်းဖြစ်သော ပဲဖတ်ခွေ တစ်ပိဿာကို (၁၅၀၀)ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ မြေပဲဆုံဆီကြိတ်ပြီးသား ပဲဖတ်အခွေကို အမှုန့်ဖြစ်အောင်ပြုလုပ်ပြီး တစ်ညတာ အချဉ်ဓာတ်ရရှိရန် ရေစိမ်ထားရပါကြောင်း၊ ပဲဖတ်ခွေ တစ်ပိဿာလျှင် ယခင်အချဉ်ခံပြီးသား အနှစ်(၅)ကျပ်သားနှုန်း ထည့်ရကြောင်း၊ နောက်တစ်နေ့မိုးလင်းလျှင်အကြမ်းဖတ်များဖယ်၍  အနုဖတ်များကို  ပိတ်စဖြင့်ဖိ၍ ရေစစ်ထားရပါကြောင်း၊ (၃)နာရီကြာရေစစ်ထားပြီးလျှင် အသင့်စား နှမ်းဖတ်ချဉ် အစိမ်းရရှိပါကြောင်း၊  နှမ်းဖတ်ချဉ်အစိမ်းကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ ဆီးစိမ်းဖြင့် အစိမ်းသုတ်စားကြကြောင်း၊ မိမိတို့လုပ်ငန်းမှနှမ်းဖတ်ချဉ်အစိမ်းကို မြေပဲဆုံဆီ၊ ကြက်သွန်ဖြူ၊ ဆားတို့နှင့်ရော၍ လိုအပ်သော အချိုးအဆ အတိုင်းထည့်ပြီး (၄)နာရီခန့် မီးအေးအေးဖြင့်ကြော်၍  နှမ်းဖတ်ချဉ်ကြော်ကို စမ်းသပ် ထုတ်လုပ်ထားပါကြောင်း၊ မိမိတို့လိုချင်သော အနေအထားရပါကအအေးခံ၍ ထုပ်ပိုးပါကြောင်း၊ ဈေးနှုန်းအနေဖြင့် (၂၅)ကျပ်သား တစ်ဗူးလျှင် (၁၅၀၀)ကျပ်၊ (၃၀)ကျပ်သား တစ်ဗူးလျှင် (၂၀၀၀)ကျပ် ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူဒေသတွင်း နှင့်ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပုသိမ်၊ မြန်အောင်မြို့များသို့ ဖြန့်ဖြူးတင်ပို့ရောင်းချပါကြောင်း၊ အလုပ်သမား(၂၀)ဦးခန့်ရှိပါကြောင်း၊ လုပ်အားခမှာတစ်ဦးလျှင် (၄၀၀၀/၅၀၀၀/၆၀၀၀) ကျပ်ခန့်ပေးပါကြောင်း လုပ်ငန်းရှင်ဦးသိန်းနိုင်၏‌ ပြောကြားချက်အရသိရှိရပါသည်။

          ပခုက္ကူဒေသထွက် နှမ်းဖတ်ချဉ်မှာ အညာဒေသ၏နာမည်ကြီး အစားအစာတစ်ခု ဖြစ်ပြီး ပခုက္ကူအညာဒေသတွင်သာမက မြန်မာပြည်အနှံအပြားသို့ တင်ပို့နိုင်ရန် နှမ်းဖတ်ချဉ်အစိမ်းအား ကာလရှည်ကြာစွာထားသိုနိုင်ရန်ကြော်၍ ဈေးကွက်ထိုးဖောက်လာသည့် တန်ဖိုးမြင့် ထုတ်ကုန်တစ်ခု အဖြစ် ဂုဏ်ယူစွာရေးသားဖော်ပြလိုက်ရပါသည်။

DOCA(မကွေး)