ကမ္ဘောဒီးယားနိုင်ငံစက်ရုံအရေအတွက် ၉ ရာခိုင်နှုန်းမြင့်တက်

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍကြီးထွားလာပြီး ယခုနှစ် ဇွန်လတွင် စက်ရုံအရေအတွက် ၂၁၇၅ ခုထိ ရောက်ရှိလာကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ် ဇွန်လက စက်ရုံအရေအတွက် ၁၉၉၇ ခုရှိရာမှ ယခုအခါ စက်ရုံအသစ် ၁၇၈ ခုတိုးလာခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၈.၉ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားဘဏ်၏ တစ်နှစ်တစ်ကြိမ်ထုတ်ပြန်သည့် အစီရင်ခံစာအရသိရပါသည်။ ယခုလို မြင့်တက် လာခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ အလုပ်အကိုင်ဈေးကွက်ကိုကြီးမားစွာ သက်ရောက်မှု ရှိစေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းပြည်၏ ဆင်းရဲမွဲတေမှုလျှော့ချခြင်းတို့အတွက် အဓိက မောင်းနှင်အားဖြစ်လာမည်ဟု သိရပါသည်။ ကျန်ထုတ်လုပ်သည့် စက်ရုံများသည် ပြည်တွင်း၌ အလုပ်အကိုင် ၁.၁ သန်းကို ခန့်အပ်နိုင်ခဲ့ကြောင်း အစီရင်ခံစာအရ သိရပါသည်။ စက်ရုံအရေအတွက် မြှင့်တက်လာခြင်းသည် အဝတ်အထည်၊ ခြေအိတ်နှင့် ခရီးသွား အသုံးအဆောင်(GFTs) တင်ပို့မှု တစ်ဟုန်ထိုးမြင့်တက်လာခြင်းနှင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်ကြောင်းသိရပါသည်။ GFT ထုတ်ကုန် အများစုကို ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်နှင့် RCEP အဖွဲ့ဝင်နိုင်ငံများထံ တင်ပို့ကြောင်း သိရပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံ စာအရ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၆.၂၄ ဘီလီယံတန်ဖိုးရှိသည့် GFT ထုတ်ကုန်များကို တင်ပို့ခဲ့ပြီး လွန်ခဲ့သည့် နှစ်တူညီသည့်ကာလထက် ၁၆.၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်းသိရပါသည်။ GFT ကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးမားဆုံးနိုင်ငံခြားငွေရရှိရာ ကဏ္ဍဖြစ်ကြောင်း သိရပါသည်။ GFT ကဏ္ဍသည် လတ်တလောတွင် စက်ရုံနှင့် လုပ်ငန်းခွဲပေါင်း ၁၅၃၈ ခုရှိပြီး လုပ်သား ၉၁၃၀၀၀ ကို ခန့်အပ်ထားကာ အများ စုမှာ အမျိုးသမီးများဖြစ်ကြောင်း အလုပ်သမားနှင့် အသက်မွေးဝမ်းကြောင်းပညာလေ့ကျင့်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရပါသည်။ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒများ၊ နိုင်ငံ၏ မဟာဗျူဟာ မြောက်ပထဝီဝင်တည်နေရာနှင့် လုပ်သားခနည်းပါးမှုတို့သည်များစွာ ပညာနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်လျက်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံကုန်သည်များအသင်း ဒုတိယ ဥက္ကဌ Lim Heng ကပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့နှင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်များနှင့် RCEP အဖွဲ့ဝင်နိုင်ငံများနှင့် ကြီးမားသည့် ကုန်သွယ်ရေးသဘောတူညီချက်များသည် ရင်းနှီးမြှုပ်နှံမှုအသစ်များနိုင်ငံအတွင်းသို့ ဝင်ရောက်လာစေရန် ဆွဲဆောင်လျက်ရှိကြောင်းသိရပါသည်။

Source : Bangkok Post

DOCA(ရန်ကုန်)