တရုတ်နိုင်ငံထံမှ ဈေးပေါပြီး အရည်အသွေးလျော့နည်းသော ကုန်ပစ္စည်းများ Online Platform တွင်သာမက Physical Platform တွင်ပါ လွှမ်းမိုးလာမှုသည် ထိုင်းနိုင်ငံတွင် အရေးကြီးသည့် ကိစ္စရပ်တစ်ခု ဖြစ်လာပြီး ထိုင်းစီးပွားရေးလုပ်ငန်းရှင်းများနှင့် စားသုံးသူများကို ၎င်းတိုး၏ သက်ရောက်မှုနှင့်ပတ်သက်၍ စိုးရိမ်စိတ်များဖြစ်ပေါ်စေလျက်ရှိကြောင်း သိရပါသည်။ တရုတ်ကုန်ထုတ်လုပ်သူများထံမှ ဈေးပေါသည့် ကုန်ပစ္စည်းများကို ကြားခံမလိုပဲ တိုက်ရိုက် ရောင်းချပေးသည့် တရုတ် e-commerce လုပ်ငန်း Temu က ထိုင်းနိုင်ငံ ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ထိုင်းစီးပွားရေးလုပ်ငန်းများထိခိုက်မည်ကို စိုးရိမ်စိတ်များ ပေါက်ဖွားလာပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ အခွန်ကောက်ခံမှုများပြုလုပ်ရန် တောင်းဆိုလာ ကြကြောင်း သိရပါသည်။ ထို့ပြင် ထိုင်းနိုင်ငံရှိ အဓိကမြို့ကြီးတွင် တရုတ်စတိုးဆိုင်အရေအတွက် မြင့်မားလာမှုကြောင့် တရုတ်ပြည်တွင်း၌ မလိုသည့် ကုန်ပစ္စည်းများကို ဈေးနှုန်းလျှော့ချ၍ လာရောက်ရောင်းချမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရပါသည်။ အဆိုပါ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ထိုင်းအစိုးရသည် ထိုင်း-တရုတ် ဆက်ဆံရေးအတွက် အဆိုပါ ပြဿနာများနှင့်ပတ်သက်၍ ကုန်သွယ်ရေးအတားအဆီးများနှင့် အကောက်အခွန်များသတ်မှတ်၍ မတုန့်ပြန်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ပိုမိုအရေးကြီးသော အချက်မှာ တရုတ်နိုင်ငံသည် များစွာသော ထိုင်းနိုင်ငံစိုက်ပျိုးရေး ထွက်ကုန်များအတွက် အဓိကတင်ပို့ရာဈေးကွက်ဖြစ်ပြီး အကယ်၍ ထိုင်းနိုင်ငံက တရုတ်ထုတ်ကုန်များကို ကုန်သွယ်ရာ၌ အတားအဆီးများပြုလုပ်ခဲ့ပါက တရုတ်သို့တင်ပို့မည့် ထိုင်းထုတ်ကုန်များမှာ တရုတ်၏ လက်တုန့်ပြန် အရေးယူမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း Mr.Phumtham က ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ အတိုက်အခံပါတီမှ Sahassawat Kumkongm Mr. Phumtham ၏ မှတ်ချက်ကို ဝေဖန်ခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံအစိုးရသည် တရုတ်နိုင်ငံထုတ် ဈေးပေါသည့် ထုတ်ကုန်များလွှမ်းမိုးမှုကို တုံ့ပြန်ငြင်းဆိုလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ထို့ပြင် ၎င်းက မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ပါဝင်သော အခြားအာဆီယံနိုင်ငံများသည်လည်း တရုတ်နိုင်ငံမှ ဈေးပေါသည့် ထုတ်ကုန်များနှင့်ပတ်သက်၍ တူညီသည့်အခြေအနေနှင့်ရင်ဆိုင်နေရပြီး ထိုင်းနိုင်ငံအနေနှင့် အဆိုပါနိုင်ငံများနှင့်ပူးပေါင်း၍ အရေးယူဆောင်ရွက်မှုပြုလုပ်ကာ ပြဿနာကို ထိန်းချုပ်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံလုပ်ငန်း နယ်ပယ် ၄၆ ခုတွင် ၂၅ ခုမှ စီးပွားရေးလုပ်ငန်းရှင်များသည် အဆိုပါပြဿနာ၏ သက်ရောက်မှုကို ဆိုးရွားစွာခံစားနေရကြောင်း သိရပါသည်။ အဆိုပါ စက်မှုလုပ်ငန်းနယ်ပယ် ၂၅ ခုသည် ကုန်ထုတ်လုပ်မှု၌ ၃၀% လျော့ကျခဲ့ကြောင်း သိရပါသည်။
Bangkok Post
DOCA(ရန်ကုန်)