အိန္ဒိယနိုင်ငံတွင် အခွန်စုံစမ်းစစ်ဆေးရေးညွှန်ကြားမှုဦးစီးဌာန (DRI) သည် Jawaharlal Nehru Port Trust (JNPT), Mundra နှင့် Kandla ဆိပ်ကမ်း ၃ ခုမှ ပြည်ပသို့ အော်ဂဲနစ်ဆန်အဖြစ် ဖော်ပြတင်ပို့မည့် ကုန်သေတ္တာအလုံး ၄၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု Hindu Business Line သတင်းဌာနက ဩဂုတ်လ ၁၉ ရက်နေ့၌ ဖော်ပြခဲ့သည်။
ကုန်သည်အသိုင်းအဝိုင်း၏ ပြောဆိုမှုများအရ အော်ဂဲနစ်ဆန်မဟုတ်သော ဆန်ဖြူများနှင့် ပေါင်းဆန်များကို အော်ဂဲနစ်ဆန်အဖြစ် အယောင်ဆောင်၍ တင်ပို့ခြင်းများ ရှိနေခဲ့သဖြင့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၌ ဧပြီလမှ ဇူလိုင်လအတွင်း အိန္ဒိယ၏ အော်ဂဲနစ်ဆန်တင်ပို့မှုပမာဏသည် တန်ချိန် ၁၄၆၅၈၅ တန်အထိ ရောက်ရှိခဲ့ကြောင်း၊ ၎င်းပမာဏသည် ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံး၌ တင်ပို့ နိုင်ခဲ့သော အော်ဂဲနစ်ဆန် စုစုပေါင်းပမာဏ ၁၀၇၇၂၇ တန်ထက် များစွာပိုမိုကျော်လွန်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ၄ လအတွင်းတင်ပို့ခဲ့သော ဆန်ပမာဏအနက် ဆန်ဖြူ ၁၂၇၁၂၀ တန်နှင့် ဆန်ကွဲ တန် ၈၀၀၀ ခန့်တို့သည် အိန္ဒိယအစိုးရ၏ ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စတင်၍ ဘာစမာတီမဟုတ်သော ဆန်ဖြူနှင့် ဆန်ကွဲတင်ပို့မှုအား တားမြစ်ပိတ်ပင်ချက်ကို ဖောက်ဖျက်ကျူးလွန်မှု ဖြစ်ပေါ်ခဲ့သည်။ မသမာမှုပြုလုပ်သော ကုန်တင်ပို့သူအချို့သည် ပေါင်းဆန်တင်ပို့မှုအပေါ် စည်းကြပ်သည့်အခွန် ၂၀ ရာခိုင်နှုန်းကို ရှောင်တိမ်းရန် လုပ်ဆောင်ခဲ့ကြသည်။ အစီရင်ခံတင်ပြချက်များအရ ထိုသို့ အခွန် ရှောင်တိမ်းမှု တန်ဖိုးမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ရူပီးငွေ ကုဋေ ၁၆၀ ကျော်ရှိကြောင်း သိရသည်။
အမည်မဖော်လိုသော ကုန်သည်အချို့က DRI ဌာနသည် JNPT ဆိပ်ကမ်းတစ်ခုတည်းမှပင် ကုန်သေတ္တာ ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း၊ စာရင်းများအရ အော်ဂဲနစ်ဆန်အဖြစ် ဗီယက်နမ် နိုင်ငံသို့ ၂၂၁၂၆ တန်နှင့် ကင်ညာနိုင်ငံသို့ ၁၆၅၄၇ တန် တင်ပို့ခဲ့ရာတွင် တန်ချိန် ၂၀၀၀ ခန့်သာ အဆိုပါဆန်အမျိုးအစား စာရင်းဖြင့် ဗီယက်နမ်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ကင်ညာဆိပ်ကမ်းတွင်မူ အော်ဂဲနစ်မဟုတ်သော ဆန်များအနေဖြင့်သာ စာရင်းဝင်ခဲ့ကြောင်း၊ ဗီယက်နမ်သို့ အော်ဂဲနစ်ဆန် အဖြစ် တင်ပို့သောဆန်များအား လမ်းကြောင်းပြောင်းလဲခြင်း သို့မဟုတ် သက်ဆိုင်ရာဆိပ်ကမ်း၌ အမျိုးအမည်ပြောင်းလဲ ကြေညာခြင်းကို လုပ်ဆောင်ခဲ့ ဖွယ်ရှိကြောင်း၊ အိန္ဒိယအကောက်ခွန်ဌာန သည် သာမန်ဆန်များအား အော်ဂဲနစ်ဆန်အဖြစ် ဖော်ပြတင်ပို့သည့် ကိစ္စရပ်နှင့်ပတ်သက်၍ MV Della ကုန်တင်သင်္ဘောကို ဆိပ်ကမ်းမှထွက်ခွာခြင်းအား တားဆီးခဲ့ကြောင်း ပြောဆိုကြသည်။
အဆိုပါဆန်ကုန်သွယ်မှုများကို ဗီယက်နမ်သို့ တစ်တန်လျှင် ၄၉၁ ဒေါ်လာနှုန်းနှင့် ကင်ညာ သို့ ၄၇၅ ဒေါ်လာနှုန်းတို့ဖြင့် ပါကစ္စတန်နှင့် မြန်မာ တို့ကဲ့သို့သော ပြိုင်ဘက်နိုင်ငံများက အော်ဂဲနစ် မဟုတ်သောဆန်အတွက် ကမ်းလှမ်းသည့်နှုန်းထားအဆင့်များဖြင့် တင်ပို့ခဲ့ခြင်းဖြစ်သည်။ ယခင် ဘဏ္ဍာနှစ်၌ ကမ္ဘာ့ဆန်ပြတ်လပ်မှုကြောင့် အော်ဂဲနစ်မဟုတ်သောဆန်ဖြူ တစ်တန်လျှင် ဒေါ်လာ ၅၀၀ ခန့်ရှိနေချိန်တွင် ဗီယက်နမ်သည် အိန္ဒိယမှ အော်ဂဲနစ်ဆန် ၃၄၁၅၂ တန်ကို ပျမ်းမျှ တစ်တန် လျှင် ၄၆၆ ဒေါ်လာနှုန်းခန့်ဖြင့် ဝယ်ယူခဲ့ကြောင်း၊ ကင်ညာနိုင်ငံကမူ ၎င်းဘဏ္ဍာနှစ်၌ မည်သည့် အော်ဂဲနစ်ဆန်ကိုမျှ တင်သွင်းခြင်းမရှိခဲ့ကြောင်း စာရင်းအချက်အလက်များအရ သိရသည်။ ဗဟို အစိုးရအနေဖြင့် ၎င်းအချက်များအပေါ် စုံစမ်းစစ်ဆေးမှုပြုရန် လိုအပ်မည်ဟု ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုထားသည်။
အယောင်ဆောင်တင်ပို့သည့် ဆန်များအနက် အချို့မှာ အော်ဂဲနစ်စိုက်ပျိုးရေးကို အပြည့် အဝ လုပ်ကိုင်လျက်ရှိသော ဆစ်ကင်းပြည်နယ်မှ စိုက်ပျိုးထွက်ရှိမှုအဖြစ် တင်ပို့ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယတောင်ပိုင်းဒေသအခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။ ကုန်သည်များ၏ ပြောဆိုမှုအရ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိများသည် အဆိုပါဆန်များကို အော်ဂဲနစ်ထုတ်ကုန်အဖြစ် တင်ပို့ရန် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခဲ့သော ဆစ်ကင်းနှင့် ရာဂျပ်စတန် ပြည်နယ်တို့မှ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေး အဖွဲ့အစည်း ၂ ခုကို မေးမြန်း စုံစမ်းရန်အတွက် ဆင့်ခေါ်ထားကြောင်း သိရသည်။
အိန္ဒိယတောင်ပိုင်းဒေသမှ အခြားကုန်သည်တစ်ဦးကလည်း အဆိုပါ ဆန်တင်ပို့မှုများအား တစ်နပ်စားဉာဏ်ဖြင့် အမြတ်ရရှိရေးလုပ်ကိုင်သူများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အော်ဂဲနစ် မဟုတ်သော ဆန်ဖြူအား အော်ဂဲနစ်ဆန်အဖြစ် တင်ပို့ရေး လာရောက်စည်းရုံးမှုများရှိသော်လည်း ၎င်းတို့အနေဖြင့် ငြင်းဆန်ခဲ့ကြကြောင်း ပြောဆိုခဲ့သည်။ သတင်းအရင်းအမြစ်များ၏ အဆိုအရ အော်ဂဲနစ်ဆန်အဖြစ် အယောင်ဆောင်တင်ပို့ရန် စာရွက်စာတမ်းများပြုလုပ်မှုမှာ ဘီဟာနှင့် ဩဒိသျှ ပြည်နယ်များမှ စတင်ခဲ့သည်ဟု ကနဦးအချက်အလက်များက ဖော်ပြလျက်ရှိသည်။
အဆိုပါ သင်္ဘောတင်ပို့မှုများအတွက် အကောက်ခွန်ဌာနအနေဖြင့် လယ်ယာကွက်ကုန်နှင့် ပြုပြင်ပြီး အစားအစာ ပြည်ပတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) ၏ ယာယီ လုပ်ငန်းဆောင်ရွက်ခွင့် အသိအမှတ်ပြုလက်မှတ် (Provisional Transaction Certificates) နှင့် ကိုက်ညီမှု ရှိ/မရှိ မည်ကဲ့သို့ စစ်ဆေးခွင့်ပြုခဲ့သည်ကို ကုန်သည်အချို့က မေးခွန်းထုတ်လျက်ရှိပြီး အချို့ကမူ APEDA မှ ခွင့်ပြုသည့် တန်ချိန်ပမာဏ အများအပြားကို အကောက်ခွန်အရာရှိများ အနေဖြင့် စစ်ဆေးနိုင်စွမ်းမရှိကြောင်း၊ ၎င်းတို့သည် APEDA ၏ TRACENET ခြေရာခံစနစ်သို့ ဝင် ရောက်နိုင်ခွင့်မရှိကြောင်း၊ ဗဟိုအစိုးရအနေဖြင့် ယခုကဲ့သို့ တရားမဝင်တင်ပို့ခြင်းများကို ကာကွယ် တားဆီးနိုင်ရန်အတွက် TRACENET စနစ်နှင့် အကောက်ခွန်ဌာန၏ ICEGATE အချက်အလက် မှတ်ပုံတင်စနစ်တို့အကြား ချိတ်ဆက်လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်သင့်ကြောင်း ပြောဆိုလျက် ရှိကြသည်။
အိန္ဒိယနိုင်ငံမှ အော်ဂဲနစ်ဆန်တင်ပို့မှုနှင့် ပတ်သက်၍ မကောင်းမွန်သည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်ဟု Hindu Business Line သတင်းဌာနက ရေးသားဖော်ပြခဲ့ပြီးနောက် DRI နှင့် APEDA တို့အပါအဝင် အစိုးရအာဏာပိုင်များသည် စစ်ဆေးအရေးယူမှုကို ချက်ချင်းလုပ်ဆောင်ခဲ့ကြကြောင်း၊ ဗီယက်နမ်နှင့် ကင်ညာတို့မှ ပေးပို့လာသည့် အသေးစိတ်အချက်အလက်များအရ အရေးယူရန် လုံလောက်သော ကနဦး သက်သေအထောက်အထားများရှိနေကြောင်း ကုန်သည်များက ပြောဆိုခဲ့ကြသည်။
အိန္ဒိယနိုင်ငံ၌ ကာလရှည်ကြာစွာ ခြောက်သွေ့မှုနှင့် မိုးရေချိန်နည်းပါးမှုတို့ကြောင့် သီးနှံအဓိကစိုက်ပျိုးရာ ဒေသများစွာတွင် ထုတ်လုပ်မှုအပေါ် ထိခိုက်သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ အစိုးရသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ စတင်၍ ပြည်ပသို့ ဆန်တင်ပို့ခြင်းကို ဖြတ်တောက်လျှော့ချခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြထားသည်။
Source: The Hindu Business Line, 19 Aug 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)