နှစ်နိုင်ငံ ဆန်ကုန်သွယ်မှု သဘောတူညီချက် မြန်ဆန်စွာအကောင်အထည်ဖော်ရေး ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား ဆွေးနွေး

Powered by Drupal

   ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်ခဲ့မှုနှင့်အတူ ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာအား မြန်ဆန်စွာအကောင်အထည်ဖော်ရေး ၂၂-၈-၂၀၂၄ ရက်နေ့၊ ကြာသပတေးနေ့တွင် နှစ်နိုင်ငံအကြား သဘောတူခဲ့ကြောင်း သိရှိရသည်။

   (၅) ကြိမ်မြောက် ကမ္ဘောဒီးယား - အင်ဒိုနီးရှား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ ကော်မရှင် အစည်းအဝေး (JCBC) ၏ ရလဒ်အား သတင်းထုတ်ပြန်ချက်အရ ကမ္ဘောဒီးယား ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်သူ Sok Chenda Sophea နှင့် အင်ဒိုနီးရှားသမ္မတနိုင်ငံ နိုင်ငံခြားရေး၀န်ကြီးဖြစ်သူ Retno L.P. Marsudi တို့က နှစ်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ တိုးတက်မှုအပေါ် ကျေနပ်အားရဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ဩဂုတ်လ ၂၁ ရက်မှ ၂၂ ရက်နေ့ထိ ကျင်းပခဲ့သည့် အဆိုပါ JCBC အစည်းအဝေး၌ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ နောက်ဆုံး ကျင်းပခဲ့သည့် ကမ္ဘောဒီးယား-အင်ဒိုနီးရှား JCBC အစည်းအဝေးမှစ၍ ကဏ္ဍအသီးသီးတွင် တိုးတက်မှုများအပေါ် နှစ်ဖက်နိုင်ငံများအနေဖြင့် ကျေနပ်အားရကြောင်း၊ စီးပွားရေးကဏ္ဍ၌ ၂၀၂၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ကျော်လွန်ခဲ့သော နှစ်နိုင်ငံကုန်သွယ်မှု တည်ငြိမ်စွာ တိုးတက်လာခြင်းကို ကျေနပ်အားရခဲ့ပြီး ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်ဆန်စွာ အကောင် အထည်ဖော်ရေး သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    နှစ်ဖက်နိုင်ငံမှ ဝန်ကြီးများအနေဖြင့် စားနပ်ရိက္ခာဖူလုံရေး၏ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သော စိုက်ပျိုးရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ရေးတို့ကို အကောင် အထည်ဖော်နိုင်ရေး အရှိန်မြှင့်တင် ဆောင်ရွက်မည့် ကတိကဝတ်အား ကြေညာခဲ့သည်။

   စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ ချိတ်ဆက်မှုများ တိုးတက်ရန်နှင့် လွယ်ကူချောမွေ့စေရန် နှစ်နိုင်ငံဝန်ကြီးများသည် နှစ်နိုင်ငံ ခရီးသွားမြို့များအကြား တိုက်ရိုက်လေယာဉ်များပျံသန်းနိုင်ရေး ကြိုးပမ်းရန်၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို အစောဆုံး အဆုံးသတ်ရန်၊ စီယမ်ရတ်ပ်နှင့် ဂျာဗားအလယ်ပိုင်းတို့အကြား ညီအစ်မပြည်နယ်များအဖြစ် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်နှင့် ဖနွမ်းပင်နှင့် အနောက်ဆူမားတြားမြို့ တို့အကြား ညီအစ်မမြို့တော် ဆက်ဆံရေး တည်ထောင်နိုင်ရေးတို့ကို သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

   ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ရန်အတွက် ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက် ရေးကောင်စီ (CDC) နှင့် အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှုရေးရာဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်သဘောတူညီခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌ ဆန်စက်များနှင့် သိုလှောင်ရုံများ ပါဝင်သော စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အင်ဒိုနီးရှား နိုင်ငံပိုင်ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ Perum BULOG ၏ ရည်ရွယ်ဆောင်ရွက်မှုကိုလည်း အဆိုပါ အစည်းအဝေးမှ ကြိုဆိုခဲ့ကြောင်း သိရှိရသည်။

    အစည်းအဝေးတွင် စွမ်းအင်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT)၊ ကျန်းမာရေး၊ မြစ်ဝှမ်းစီမံခန့်ခွဲမှုတွင် ပူးပေါင်းဆောင်ရွက်မှု၊ စက်မှုပူးပေါင်းဆောင်ရွက်မှု၊ ဒီဂျစ်တယ်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် အလုပ်သမားနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လေ့ ကျင့်ရေးများအပါအဝင် အခြားသော အဓိက ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများအား ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေး၏ အရေးပါမှုနှင့် စပ်လျဉ်း သည့် အမြင်များကို ‌ဝေမျှခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း၊ နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးများသည် နိုင်ငံတကာစင်မြင့်တွင် အပြန်အလှန် ပံ့ပိုးကူညီမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မည့် ၎င်းတို့၏သန္နိဋ္ဌာန်ကို အခိုင်အမာ ပြောကြားခဲ့ကြကြောင်း၊ အဆိုပါ JCBC အစည်းအဝေး၏ သဘောတူညီချက်မှတ်တမ်းများကို လက်မှတ်ရေးထိုး ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း၊ (၆) ကြိမ်မြောက် JCBC အစည်းအဝေးကို ၂၀၂၆ ခုနှစ် တွင် အင်ဒိုနီးရှား၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

     အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno L.P. Marsudi သည် ဩဂုတ်လ ၂၁ ရက်နေ့တွင် ငြိမ်းချမ်းရေးနန်းတော်၌ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်မာနက်အား ဂါရဝပြုတွေ့ဆုံခဲ့ပြီး အဓိက အလားအလာရှိသည့် နယ်ပယ်များဖြစ်သည့် စီးပွားရေးနှင့် ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ ခရီးသွား လုပ်ငန်းနှင့် ပြည်သူချင်း ချိတ်ဆက်မှုအပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့်တင်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

Source: Khmer Times, 23 August, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)