အင်ဒိုနီးရှားကုမ္ပဏီများအား ဆန်စက်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် ကမ္ဘောဒီးယား အဆိုပြု

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံသို့သာမက အခြားနိုင်ငံများသို့ပါ ဆန်တင်ပို့နိုင်မည့် အခွင့်အရေးများနှင့် အတူ အင်ဒိုနီးရှားကုမ္ပဏီများအနေဖြင့် ဆန်စက်လုပ်ငန်းများ၌ ၁၀၀ ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံ ရန် ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော အင်ဒိုနီးရှားနိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးနှင့် ရွေးကောက်ခံသမ္မတဖြစ်သူ Mr. Prabowo Subianto အား စက်တင်ဘာ ၆ ရက်နေ့ တွင် အထက်လွှတ်တော်နန်းတော်၌တွေ့ဆုံစဉ် ခေတ္တနိုင်ငံ့အကြီးအကဲ Mr. Hun Sen က ဆွေးနွေး အကြံပြုခဲ့ကြောင်း Khmer Times သတင်းဌာနက ဖော်ပြပါသည်။

     Mr. Hun Sen ၏ လူမှုသတင်းမီဒီယာတွင် ဖော်ပြထားသည့် သတင်းထုတ်ပြန်ချက်အရ ကုန်သွယ်မှုပမာဏမြှင့်တင်ရန် Mr. Subianto သို့ တိုက်တွန်းပြောကြားခဲ့ကြောင်း၊ နှစ်နိုင်ငံရှိ အဓိကမြို့ကြီးများအကြား တိုက်ရိုက်လေယာဉ်ပျံသန်းပြေးဆွဲမှု တိုးမြှင့်ရေးကိုလည်း အဓိကကိစ္စ ရပ်တစ်ခုအဖြစ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

    တွေ့ဆုံဆွေးနွေးပွဲ၌ လူ့စွမ်းအားအရင်းအမြစ် သင်တန်းများအပါအဝင် နယ်ပယ်များစွာ တွင် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လုပ်ဆောင်လိုကြောင်း၊ ကမ္ဘောဒီးယား လူငယ်များအား အင်ဒိုနီးရှားနိုင်ငံ၌ ပညာသင်ကြားစေရန်နှင့် ပြည်သူအချင်းချင်းဆက်နွှယ်မှုကို အဆင်ပြေချောမွေ့စေမည့် နှစ်နိုင်ငံရှိ မြို့ကြီးများအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲခြင်းကို တိုးမြှင့်သွားရန် ဆန္ဒရှိကြောင်း  Mr. Subianto က ပြောကြားခဲ့သည်။

     ကမ္ဘောဒီးယား၏ ခေတ္တနိုင်ငံ့အကြီးအကဲ Mr. Hun Sen ကလည်း အင်ဒိုနီးရှားနိုင်ငံ အနေ ဖြင့် ၎င်း၏ကုန်သွယ်မှုပမာဏကို မြှင့်တင်ရန်၊ အထူးသဖြင့် စားနပ်ရိက္ခာဖူလုံရေးနှင့် စပ်လျဉ်း၍  အင်ဒိုနီးရှားနိုင်ငံက လိုအပ်လျက်ရှိသော ဆန်နှင့်အခြားလယ်ယာထွက်ကုန်များကို ကမ္ဘောဒီးယား နိုင်ငံထံမှ ရယူရန် အားပေးတိုက်တွန်းခဲ့ကြောင်း၊ အင်ဒိုနီးရှားနှင့် အခြားနိုင်ငံများသို့ ဆန်တင်ပို့ရန် အတွက် ဆန်စပါးသိုလှောင်ရုံများ၊ ဆန်စက်များနှင့် ထုပ်ပိုးမှုလုပ်ငန်းများအား ထူထောင်လုပ်ကိုင်ရာတွင် အင်ဒိုနီးရှားကုမ္ပဏီများအနေဖြင့် ကမ္ဘောဒီးယား၌  ၁၀၀ ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံရန် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

      အင်ဒိုနီးရှားမှ ကမ္ဘောဒီးယားသို့ တိုက်ရိုက်လေကြောင်း ချိတ်ဆက်ပျံသန်းမှုနှင့်ပတ်သက်၍ ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်သင့်သည်ဟု Mr. Hun Sen က ပြောကြားခဲ့ပြီး ကမ္ဘောဒီးယားသို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်ရန်အတွက် နှစ်နိုင်ငံရှိ လေကြောင်းလိုင်းများသည် အဓိကမြို့ကြီးများကြား လေကြောင်းခရီးစဉ်များ ထပ်မံတိုးချဲ့ပြေးဆွဲနိုင်မည်ဟု မျှော်လင့်ကြောင်း သိရှိရသည်။

    အင်ဒိုနီးရှားသည် အာဆီယံတွင် လူဦးရေများပြားပြီး အင်အားကြီးသည့်နိုင်ငံ တစ်နိုင်ငံဖြစ် ၍ ယခုအချိန်သည် ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့အကြား ဆက်ဆံရေး ပိုမိုခိုင်မာစေရန်အတွက် ကောင်းမွန်သောအချိန်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား၏ ပါရီငြိမ်းချမ်းရေး သဘောတူညီချက် ကာလ တွင် အင်ဒိုနီးရှားသည် ကမ္ဘောဒီးယားနိုင်ငံအား ထောက်ခံအားပေးခဲ့ကြောင်း၊ ကမ္ဘောဒီးယားတွင် ရင်းနှီးမြုပ်နှံရန်အတွက် အင်ဒိုနီးရှားလုပ်ငန်းရှင်များကို ဆွဲဆောင်နိုင်ရန် Mr. Hun Sen ၏ တောင်း ဆိုချက်သည် ကောင်းမွန်သော သတင်းစကားဖြစ်သော်လည်း ကမ္ဘောဒီးယားအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများရင်ဆိုင်နေရသည့် ပြဿနာများနှင့်စိန်ခေါ်မှုများကို ဖြေရှင်းရန်လိုအပ်ကြောင်း၊ အစိုးရအနေဖြင့် မြေပြင်ပြဿနာများကို ထိရောက်စွာဖြေရှင်းနိုင်မည့် ယန္တရားစနစ်တစ်ရပ်ကို ထူထောင်ပေးသင့်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ကမ္ဘောဒီးယားသို့ လာရောက်သည့်အခါ တွင် ကြုံတွေ့နေရသည့် အခြားသော ပြဿနာများအနက် လုပ်ငန်းလိုင်စင်ရရှိရေး၊ လျှပ်စစ်ဓာတ် အားခကုန်ကျစရိတ်နှင့် သယ်ယူပို့ဆောင်စရိတ်စသည့် ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းတစ်ခုချင်းစီကို အလေးထားစဉ်းစားသင့်ကြောင်းဖြင့် ကမ္ဘောဒီးယား တော်ဝင်အကယ်ဒမီ မှ မူဝါဒရေးရာသုံးသပ်သူ Dr Sam Seun က Khmer Times သို့ စက်တင်ဘာ ၈ ရက်နေ့တွင် ပြော ကြားခဲ့သည်။

    ကမ္ဘောဒီးယား အကောက်ခွန်နှင့်ယစ်မျိုးဌာန (GDCE) ၏ စာရင်းများအရ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ၂၀၂၄ ခုနှစ် ပထမခြောက်လအတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် ဒေါ်လာ ၅၇၉ သန်းရှိပြီး ၂၀၂၃ ခုနှစ်၏ အလားတူကာလရှိ တန်ဖိုး ဒေါ်လာ ၅၉၄ သန်းနှင့် နှိုင်းယှဉ်ပါက ၂.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ကမ္ဘောဒီးယားမှ ပို့ကုန်တန်ဖိုးမှာ ယခုနှစ် ပထမနှစ်ဝက်တွင် ဒေါ်လာ ၅၇ သန်းရှိပြီး ယခင်နှစ်တန်ဖိုး ဒေါ်လာ ၂၁ သန်းနှင့် နှိုင်းယှဉ်ပါက ၁၇၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ အင်ဒိုနီးရှားထံမှ တင်သွင်းမှုတန်ဖိုးသည် ၂၀၂၃ ခုနှစ် ပထမခြောက်လ၌ ဒေါ်လာ ၅၇၃ သန်းရှိခဲ့ပြီး ယခုနှစ် အလားတူကာလတွင် ဒေါ်လာ ၅၂၁ သန်းရှိသဖြင့်  ၈.၉ ရာခိုင် နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။

Source: Khmer Times, 9 September, 2024(လယ်ယာထွက်ကုန်များ နှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့် လေ့လာရေးအဖွဲ့)